Skip to main content

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များဖြင့် ဝင်ရောက်လာသူခရီးသည်များကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးလျက်ရှိ

ရန်ကုန် မေ ၂

ကမ္ဘာ့နိုင်ငံအများစုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/ သေဆုံးမှုများ ကျဆင်းလာသည်နှင့်အတူ နိုင်ငံတကာ ခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူများအား ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို ဖြေလျှော့ပေးမှုများ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ဆက်တိုက်ကျဆင်းလာခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားလာခြင်းနှင့်အတူ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များ ပြန်လည်စတင်၍ ပြေးဆွဲခွင့်ပြုခြင်းနှင့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား ဖြေလျှော့မှုများကို ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအရ တစ်ဆင့်ချင်း ဖြေလျှော့ပေးလျက်ရှိသည်။ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များအား ဧပြီ ၁၇ ရက် ၀၀:၀၀ နာရီမှ စတင်၍ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဝင်ရောက်လာသူ ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ RT-PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ဟိုတယ်တွင် ၂၄ နာရီ အဖြေစောင့်ဆိုင်းခြင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ အဆိုပါခရီးသည်များတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု နည်းပါးကြောင်း တွေ့ရှိရသည်။

သို့ဖြစ်၍ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များဖြင့် ဝင်ရောက်လာသူ ခရီးသည်များကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ နောက်တစ်ဆင့်ထပ်မံ၍ ဖြေလျှော့ပေးခြင်းအနေဖြင့် မြန်မာနိုင်ငံသို့မရောက်ရှိမီ ၇၂ နာရီအတွင်း RT-PCR ဖြင့် စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစစ်ဆေးချက် အထောက်အထား၊ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားမှု မှတ်တမ်းများ၊ ကိုဗစ်-၁၉ အပါအဝင် ကူးစက်ရောဂါ သံသယလက္ခဏာများ မရှိကြောင်း ကြေညာချက် (Health Declaration) မှတ်တမ်းများပါရှိသူ မြန်မာနိုင်ငံသား ခရီးသည်များနှင့် အဆိုပါအထောက်အထားများနှင့် တွဲဖက်၍ မြန်မာ့အာမခံလုပ်ငန်းမှ ဝယ်ယူထားသည့် ကျန်းမာရေးအာမခံပါရှိသူ နိုင်ငံခြားသားများအား လွယ်ကူမြန်ဆန်၍ ကုန်ကျစရိတ် သက်သာစေမည့် COVID-19 Antigen Rapid Diagnostic Test (RDT) နည်းဖြင့် ပြောင်းလဲ၍ ဓာတ်ခွဲစစ်ဆေး ဆောင်ရွက်မှုများကို ဧပြီ ၁ ရက် ၀၀:၀၀ နာရီမှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် လေဆိပ်ကျန်းမာရေးဌာနခွဲတို့မှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မေ ၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) ရှစ်ခုဖြင့် ဝင်ရောက်လာသည့် ခရီးသည် ၈၅၀ ရှိ၍ ၎င်းတို့ကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များဖြင့် ဝင်ရောက်လာသော ခရီးသည်များအနေဖြင့် ကိုဗစ်-၁၉ စစ်ဆေးခြင်း အပါအဝင် လေဆိပ်ရှိ ဌာနဆိုင်ရာ လုပ်ငန်းများအား ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လေဆိပ်တွင် ကြာမြင့်ချိန် ၁ နာရီမှ ၂ နာရီအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် အဆင်ပြေ‌ချောမွေ့စွာ အပြီးအစီး ဆောင်ရွက်နိုင်ပြီဖြစ်ကာ လေဆိပ်မှ အချိန်တိုအတွင်း မိမိတို့စီစဉ်ထားရှိသည့် ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာနိုင်ပြီ ဖြစ်သည်။

နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များကို ဧပြီ ၁၇ ရက်မှ မေ ၁ ရက်အထိ စတင်ပြေးဆွဲခဲ့ရာ လေကြောင်းခရီးစဉ် ၉၂ ခုဖြင့် ခရီးသည် ၇၅၅၀ ဝင်ရောက်လာ ခဲ့ပြီးဖြစ်သည်။ ထို့အတူ နိုင်ငံရပ်ခြားတွင် အခက်အခဲတွေ့နေသူ မြန်မာနိုင်ငံသားများအား မိမိနိုင်ငံသို့ ပြန်လည်သယ်ဆောင် ခေါ်ယူလျက်ရှိသည့် ကယ်ဆယ်ရေးလေယာဉ် (Relief flight) များကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ခရီးစဉ် လိုအပ်ချက်များပေါ် မူတည်၍ ဆက်လက်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်