နေပြည်တော် ဧပြီ ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ဧပြီ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄) ၊ အမှတ် (၁၆) ၌ သူတစ်ပါးအကျိုးယုတ်စေမည့် မမှန်သတင်းများကို မပြောသင့်ကြောင်းနှင့် သူငယ်ချင်း အချင်းချင်း ချစ်ချစ်ခင်ခင် နေသင့်ကြောင်းကို တင်ဆက်ထားသည့် “မုန်းလို့” မျက်နှာဖုံး ကာတွန်း၊ ရွက်ပြတ်ပင်နှင့် အမြဲစိမ်းများအကြောင်းကို တင်ဆက်ထားသည့် သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ သူငယ်ချင်း အချင်းချင်း မွေးနေ့ လက်ဆောင်ပေးကြပုံအကြောင်း ရေးဖွဲ့ ထားသည့် “ကီးကီ၊ ဂျိုးဂျိုး-အံ့ဩခြင်းလက်ဆောင်” နှစ်မျက်နှာ ကာတွန်း၊ ထင်းခွေယောက်ျား ဇနီးမောင်နှံတို့၏ စိတ်မကောင်း စရာအဖြစ်နှင့် ဆင်ဆရာ၏ ဘဝအပြောင်းအလဲအကြောင်းကို ရေးဖွဲ့ထားသည့် “မြေခံကောင်းက အပင်ရမည်” ပုံပြင်ကဏ္ဍ၊ ပြောစကားနားထောင်သည် ဆိုသော တာတေအကြောင်းကို ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “တာတေနှင့် သူ၏ညီမလေး” တစ်မျက်နှာကာတွန်း၊ လူကြီးမိဘတို့၏ ပြောစကားကို နားထောင်ပြီး တစ်ယောက်တည်း အပြင် မထွက်တော့ဘူး ဆိုသော သဲသဲအကြောင်း တင်ဆက်ထားသည့် “သူတို့ သားအမိ” ဝတ္ထုကဏ္ဍ အပါအဝင် အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍ၊ ကဗျာကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်