ခြိုးခြံချွေတာခြင်းသည် ကောင်းသောအလေ့အထဖြစ်သည်။ လူတစ်ယောက်၊ ဘဝတစ်ခု ချမ်းသာကြွယ်ဝမှုကို အထောက်အကူဖြစ်စေသော အလေ့အကျင့်တစ်ခု ဖြစ်သည်။ ခြိုးခြံချွေတာခြင်းနှင့် ပတ်သက်၍ မြန်မာပြည်ရှိ လူမျိုးခြားများ၏ အပြုအမူ အလေ့အထများအား ဥပမာပေးကြသည်ကို ကြားဖူးကြမည်ဖြစ်သည်။ လက်တွေ့တွင်လည်း ထိုလူမျိုးခြားအများစုသည် ချမ်းသာကြွယ်ဝသူများ ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ခြိုးခြံချွေတာသည်ဆိုသည်မှာ စေးနှဲ၊ ဝန်တိုခြင်းမဟုတ်ပေ။ ရှာဖွေထားသော ငွေကြေးဥစ္စာများ တိုးပွားလာစေရန်အတွက် အရနှင့် အကုန်၊ အသုံးနှင့် အဖြုန်းတို့ကို စိစစ်ချင့်ချိန်တွက်ချက် သုံးစွဲခြင်းဖြစ်သည်။ စိစစ်ချင့်ချိန် တွက်ချက်သုံးစွဲခြင်းကို သုံးစွဲလိုသူတို့အနေဖြင့် နှစ်သက်ခြင်း မရှိသော်လည်း အားလုံးအတွက် အကျိုးရှိသော အလုပ်ဖြစ်၍ လိုက်နာလုပ်ဆောင်သင့်ပါသည်။ ခြိုးခြံချွေတာခြင်းသည် မိမိအတွက်လည်း အကျိုးရှိ၊ အများပြည်သူအတွက်လည်း အဆင်ပြေ၊ တိုင်းပြည်အတွက်ပါ အကျိုးဖြစ်ထွန်းသော နည်းကောင်း လမ်းမှန်ဖြစ်သည်။
ယနေ့အချိန်အခါတွင် ကမ္ဘာ့အနေအထား၊ မြန်မာ့အနေအထားတို့အရ အခြေအနေတို့ကို ပေါင်းခြုံ၍ ခြိုးခြံချွေတာရမည့် အချိန်အခါဖြစ်သည်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော မျက်မှောက်ကာလ၌ ကမ္ဘာနှင့်တစ်ဝန်းတွင် ရောဂါ၏နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကြောင့် စီးပွားရေးအဘက်ဘက်တွင် ထိခိုက်နစ်နာ ပျက်စီးနေမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ထိခိုက်နစ်နာမှုများအပြင် နိုင်ငံ့စီးပွားရေးပါ ဂယက်ရိုက်ခတ် ထိခိုက်မှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအချိန်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံတို့၏ အင်အားချိန်ခွင်လျှာညှိ လုပ်ဆောင်မှုတို့ကြောင့် စီးပွားရေးဘက်တွင် ဂယက်ရိုက်ခတ်မှုများ ရှိလာမည်မှာ သေချာပါသည်။
ထို့ကြောင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးစ၊ ဖွံ့ဖြိုးဆဲ၊ မဖွံ့ဖြိုးသေးသော နိုင်ငံများအဖို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်ကြရန်၊ အလုပ်ကိုကြိုးစား လုပ်ကိုင်ကြရန်၊ အစစအရာရာတွင် ခြိုးခြံချွေတာ သုံးစွဲကြရန်လိုအပ်ပါသည်။ ယနေ့အချိန်အခါတွင် ကုန်ထုတ်စွမ်းအား တိုးပွားရေးနှင့် ခြိုးခြံချွေတာရေးတို့ကို မကြာခဏ တိုက်တွန်းပြောဆို နေရပါသည်။ ပြည်တွင်း၌ ထုတ်ကုန်များကို အရည်အသွေးမြှင့် တိုးတက်ထုတ်လုပ်ကြရန်နှင့် ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်အတွက် ခြိုးခြံချွေတာရေးမှာ အထူးလိုအပ်နေပါသည်။ နိုင်ငံကို ကြိုးပမ်းရုန်းကန် ကျော်ဖြတ်နေချိန်တွင် လူတိုင်းလူတိုင်း ချင့်ချိန်ကာ ခြိုးခြံချွေတာကြဖို့ လိုအပ်ပါသည်။
တစ်ဦးချင်းအနေဖြင့် အသုံးအစွဲ၊ အသုံးအဖြုန်းတို့ကို အထူးဂရုစိုက်ကြရန်လိုအပ်ပြီး တတ်နိုင်သမျှ ခြိုးခြံချွေတာ၍ အသုံးအစွဲတို့ကို လျှော့ချကြရန် လိုအပ်ပါသည်။ အများပြည်သူတို့အနေဖြင့် စက်သုံးဆီ၊ စားသုံးဆီတို့ကို လျှော့ချနိုင်ရေး၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ရေအသုံးပြုမှုတို့ကို ခြိုးခြံချွေတာ လျှော့ချနိုင်ရေးတို့ကို တတ်နိုင်သမျှ ပြုလုပ်ကြရန် လိုအပ်ပါသည်။ ယခုကာလတွင် ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်ဓာတ်အားအသုံးပြုမှုနှင့် ရေအသုံးပြုမှုတို့ကို သတိပြုကြရန် လိုအပ်ပါသည်။ ယခုအချိန်ကာလတွင် စိုက်ပျိုးရေ၊ သောက်သုံးရေတို့ အထူးလိုအပ်လျက်ရှိပြီး သုံးရေ၊ သောက်ရေတို့ကို စနစ်တကျသုံးစွဲမှသာ တန်ကာကျမည်ဖြစ်သည်။ မြို့ပြများသို့ ရေပေးဝေရာတွင် ပူပြင်းလာသော အပူဒဏ်ကြောင့် ရေကန်များ ခန်းခြောက်တတ်သည်ဖြစ်ရာ ရေကို ခြိုးခြံသုံးစွဲကြရန် လိုအပ်သည်။
ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ ရေအားလျှပ်စစ်ဓာတ်အားပေး စနစ်တွင်လည်း အလားတူဖြစ်ပေါ်လာနိုင်၍ ပြည်သူများအား လျှပ်စစ်ဓာတ်အား အဆင်ပြေစွာ ပေးဝေနိုင်ရေးအတွက် အသုံးပြုဓာတ်အားများကို ခြိုးခြံချွေတာသုံးစွဲကြရန် လိုအပ်သည်။ နွေရာသီတွင် စိုက်ပျိုးရေးကို အလျဉ်မီအောင် ရယူလုပ်ကိုင်နိုင်ရန်အတွက် စိုက်ပျိုးရေးကို ခြိုးခြံချွေတာ၍ စနစ်တကျသုံးစွဲကြရန်လိုအပ်သည်။ အစားအသောက်ဘက်တွင်လည်း မလိုအပ်ဘဲ အတိုင်းအထွာမရှိ စားသုံးခြင်းမပြုလုပ်ရန်နှင့် စားသုံးဆီကို လျှော့ချသုံးစွဲခြင်းဖြင့် ကျန်းမာရေးနှင့်လည်းညီညွတ်ပြီး ကုန်ကျစရိတ်လည်း သက်သာလာမည်ဖြစ်သည်။
သို့ဖြစ်ရာ ခြိုးခြံချွေတာခြင်းသည် မိမိတို့တစ်ဦးချင်းနှင့် မိသားစုဘဝအတွက် တိုးတက်ကြီးပွားရေးကို အထောက်အကူပြုသလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အပံ့ကောင်းများ ဖြစ်ပါသဖြင့် ပြည်သူအားလုံး ခြိုးခြံချွေတာခြင်းကို အသိတရားဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။