Skip to main content

ဆွဲယူခြင်းအကြောင်းတရားတို့ ဖန်တီး

မကြာသေးမီ ရက်သတ္တပတ်များအတွင်းက အိမ်နီးချင်းနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းများမှ သွားရောက်ခဲ့ကြသည့် မိမိတို့နိုင်ငံသားများ တစ်သုတ်ပြီး တစ်သုတ် ဖမ်းဆီးခံခဲ့ကြရသည့် သတင်းများကို တွေ့ရှိရသည်။ တစ်ဖက်နိုင်ငံမှ တရားမဝင် လူဝင်လူထွက်မှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည့်ကြားမှပင် လူပွဲစားတို့ ၏ မမှန်မကန် ဖြားယောင်းမှုကို ယုံကြည်ပြီး သွားခဲ့ကြသူများ ဒုက္ခတွေ့ကြရခြင်းပင် ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံအချို့ရှိ တရားမဝင် အလုပ်သမားဈေးကွက်များဆီသို့ သွားရောက်ကြသူအများစုမှာ ကျေးလက်ဒေသများမှ လူငယ်အမျိုးသား၊ အမျိုးသမီးများဖြစ်သည်။ ၎င်းတို့ လုပ်ကိုင်ကြရသည့် အလုပ်များမှာ ကျွမ်းကျင်အလုပ်သမားများအဖြစ် ထိုက်ထိုက်တန်တန် လုပ်ကိုင်ကြရခြင်း မဟုတ်ဘဲ တစ်ဖက်နိုင်ငံသားတို့ မလုပ်လိုကြသည့် ပင်ပန်းဆင်းရဲကြမ်းတမ်းသည့် အလုပ်များ၊ ညစ်ပတ်သည့်အလုပ်၊ အန္တရာယ်ရှိသည့်အလုပ်များ အပါအဝင် အဆင့်နိမ့်အလုပ်များတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ သို့ရာတွင် ပြည်တွင်းရှိ ကျေးလက်ဒေသများတွင် လုပ်ကိုင်ရသော အလုပ်နှင့် ရရှိနိုင်သောဝင်ငွေထက် တစ်ဖက်နိုင်ငံတွင် လုပ်ကိုင်ရသော အလုပ်နှင့်ရရှိနိုင်သောဝင်ငွေကို ပို၍မက်မောခြင်းကြောင့်လည်း တရားဝင်နည်းလမ်း ဖြင့်ဖြစ်စေ၊ တရားမဝင်နည်းလမ်းများဖြင့်ဖြစ်စေ ထွက်ခွာသွားရောက်နေကြခြင်းဖြစ်သည်။

ဤတွင်တွန်းထုတ်ခြင်း (Push Factor)နှင့် ဆွဲယူခြင်း (Pull Factor) ဟူ၍ ရွှေ့ပြောင်းအခြေချခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းတရားနှစ်ရပ်ရှိရာ မိမိတို့၏ နေရင်းဒေသတွင် အလုပ်အကိုင် အခွင့်အလမ်း ကင်းမဲ့နေခြင်း၊ စီးပွားရေးကျဆင်းနေခြင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းနေခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်း၊ တိုးတက်ရန် အခွင့်အလမ်းမရှိခြင်း၊ သဘာဝသယံဇာတများ ကုန်ခန်းနေခြင်း စသည့် အကြောင်းအရာများက လူတစ်ယောက်ကို ၎င်း၏နေရပ်အား စွန့်ခွာစေသည့် အကြောင်းရင်းများ ဖြစ်ကြသည်။ တွန်းထုတ်ရာဒေသမှ ထွက်ခွာသူသည် အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်ခြင်း၊ လုပ်ခလစာ မြင့်မားခြင်း၊ လိုအပ်သည့် အထောက်အကူပစ္စည်းများစုံလင်၍ လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်ခြင်း စသည့်ဆွဲယူခြင်း (Pull Factor)များရှိသည့် ဒေသ၊ နိုင်ငံဆီသို့ ရွှေ့ပြောင်း၍ အသက်မွေးဝမ်းကျောင်း ပြုကြခြင်းဖြစ်သည်။

ဤနည်းဖြင့် မြန်မာနိုင်ငံအနှံ့အပြား ကျေးလက်ဒေသများမှ လူငယ်လူရွယ်အများအပြားမှာ အလုပ်လုပ်နိုင်သည့်အရွယ်သို့ ရောက်သည်နှင့် ပညာဆက်လက် သင်ယူခြင်းမပြုတော့ဘဲ နေရပ်ကို စွန့်ခွာ၍ ရွှေ့ပြောင်းအလုပ်သမားဘဝကို ခံယူလိုက်ကြသည်။ လက်တွေ့မျက်မြင်အရလည်း အိမ်နီးချင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရာမှ အဆင်ပြေနေသူတို့က ရပ်ရွာအတွင်း လူမှုဘ၀ ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရသည့်အခါ လူငယ်များစွာတို့ ဤလမ်းကြောင်းကို လိုက်လာကြပြီး တရားမဝင် လူမှောင်ခို၊ လူပွဲစားတို့၏ သွေးဆောင်ဖြားယောင်းမှုကို ခံကြရခြင်းဖြစ်သည်။ မိမိနိုင်ငံမှ လူသားအရင်းအမြစ်များကို ကောင်းစွာ စီမံခန့်ခွဲနိုင်မှသာ တန်ဖိုးရှိသော လူ့စွမ်းအားများအဖြစ် နိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်မည်ဖြစ်သည့်အလျောက် ကျေးလက်ဒေသများတွင် ရှိနေသော Push Factor များကို ပြုပြင်ပြောင်းလဲနိုင်ကြရမည် ဖြစ်သည်။

နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းရှိနေသော ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ ကျေးလက်ဒေသ စီးပွားရေးကို မြှင့်တင်ခြင်း၊ စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုများ မြင့်မားလာအောင် အားပေးခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသနေ ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့် ဆွဲယူခြင်း (Pull Factors) အကြောင်းတရားတို့ကို ဖန်တီးပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလည်း လျော့ကျစေ၊ ကျေးလက်လူနေမှု ဘဝများလည်း မြင့်မားစေမည်ဟု ယုံကြည်ပါကြောင်း။ ။