မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ပြည်သူအများစုသည် အခြေခံလူတန်းစားများ ဖြစ်ကြသည်။ မိမိဒေသများတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အဓိကအားထား လုပ်ကိုင်ကြပြီး အခြေခံကုန်ထုတ်လုပ်ငန်းများနှင့် ရောင်းဝယ်ဖောက်ကားမှုများ လုပ်ကိုင်ကြသည်။ နိုင်ငံသည် မဖွံ့ဖြိုးသေးသော နိုင်ငံဖြစ်၍ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ ရောက်အောင် ကြိုးပမ်းနေသည်။
ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားရေး ပြန်လည် ဦးမော့လာရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကြိုးပမ်းအားထုတ်နေသည်။ လူဦးရေအများစုမှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး မွေးမြူရေးကိုလည်း တွဲဖက်လုပ်ကိုင်ကြသည်။ အချို့လည်း မွေးမြူရေးလုပ်ငန်းကို သီးသန့်လုပ်ကိုင်ကြသူများလည်းရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများသည် ပြည်သူများ၏ နေ့စဉ်လူမှုဘဝ လိုအပ်ချက်ဖြစ်၍ စနစ်တကျ လုပ်ကိုင်လျှင် လုပ်ကိုင်သလောက် အကျိုးဖြစ်ထွန်းသော လုပ်ငန်းများဖြစ်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသာမက မွေးမြူရေးပါ လုပ်ကိုင်နိုင်သည့် လိုအပ်သော သဘာဝသယံဇာတ အရင်းအမြစ်များ အလုံအလောက်ရှိသည်။ မျိုးကောင်းမျိုးသန့်များနှင့် ထုတ်လုပ်မှုဆိုင်ရာ ခေတ်မီနည်းပညာများ ပေါင်းစပ်လိုက်ပါက ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာပေါများပြီး လူနေမှုဘဝ မြင့်မားတိုးတက်သည့် နိုင်ငံအဖြစ်သို့ မလွဲမသွေ ရောက်ရှိလာမည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ် ချမှတ်၍ အကောင်အထည်ဖော်လျက်ရှိရာတွင် “သာယာဝပြောသည့် နိုင်ငံဖြစ်ပေါ်စေရန်နှင့် နိုင်ငံတွင် စားရေရိက္ခာ ပေါများပြီး နိုင်ငံသူ နိုင်ငံသားများအားလုံး ၀၀လင်လင်ဖြင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်သည့် နိုင်ငံဖြစ်စေရန်” ဟူသော အမျိုးသားရေး မူဝါဒလုပ်ငန်းစဉ် နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ “ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် နိုင်ငံ့လူဦးရေအရ လည်းကောင်း၊ နိုင်ငံ၏ ပထဝီအနေအထားအရ လည်းကောင်း၊ နေ့စဉ်တိုးပွားနေသော လူဦးရေအတွက် အနာဂတ်တွင် စားနပ်ရိက္ခာ ဖူလုံလောက်ရေးအတွက်လည်းကောင်း စားရေရိက္ခာများ လုံလောက်စွာ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေကြသည်။ နိုင်ငံ၏ ပထဝီအနေအထားအရ စားနပ်ရိက္ခာ လုံလောက်အောင် မထုတ်လုပ်နိုင်လျှင် အခြားနိုင်ငံများမှ မှာယူတင်သွင်း နေရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့သည် မြန်မာနိုင်ငံမှ မွေးမြူရေး ထုတ်ကုန်ပစ္စည်းများကို တင်သွင်းနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးကို ဦးစားပေး လုပ်ကိုင်ကြရမည်။
ပြည်တွင်းမှ မွေးမြူရေးလုပ်ငန်းများ အကျိုးစီးပွားဖြစ်ထွန်း အောင်မြင်ရေးအတွက် ကျွဲ၊ နွားများ ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချခွင့်ကို ၂၀၁၇ ခုနှစ်တွင် ခွင့်ပြုပေးခဲ့သည်။ တရားဝင်ကုန်သွယ်မှု မူဆယ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိသည်။ ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက်လည်း ကုန်သွယ်မှုဆိုင်ရာနှင့် တိရစ္ဆာန်ရောဂါ ကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ တရားဝင်တင်ပို့ ရောင်းချခြင်းများအပြင် တရားမဝင်တင်ပို့ ရောင်းချမှုများလည်းရှိနေရာ ဈေးကွက်တွင် စနစ်တကျ ဆောင်ရွက်ခြင်း မရှိသည့်အတွက် နိုင်ငံ့ဘဏ္ဍာငွေ ထိခိုက်လျော့နည်းမှုများ ရှိနေသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စီးပွားဖြစ်ဆောင်ရွက်ရာတွင် မိမိတို့၏ လုပ်ရိုးလုပ်စဉ် လုပ်ကိုင်ဆောင်ရွက်ခြင်းထက် ခေတ်မီနည်းပညာ၊ အဆင့်မီ အသိပညာ အတတ်ပညာ လုပ်ထုံးလုပ်နည်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် လုပ်ကိုင်ကြမည်ဆိုလျှင် မွေးမြူရေးကဏ္ဍ ပိုမိုကျယ်ပြန့် တိုးတက်မြင့်မားလာမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အသိပညာ၊ နည်းပညာများကို စဉ်ဆက်မပြတ် မျှဝေပေးလျက် ရှိသည်။ ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ၂၀၂၂ ခုနှစ် မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲများကို ပြုလုပ်လျက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ၏ အမျိုးသားရေးမူဝါဒဖြစ်သည့် “သာယာဝပြောသည့်နိုင်ငံ ဖြစ်ပေါ်စေရန်နှင့် နိုင်ငံတွင် စားရေရိက္ခာပေါများပြီး နိုင်ငံသူ နိုင်ငံသားများ အားလုံး ဝဝလင်လင်ဖြင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်သည့် နိုင်ငံဖြစ်စေရန်” မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါကြောင်း။ ။