Skip to main content

ဥပဒေဖောက်ဖျက်အကြမ်းဖက် အမြစ်ပါမကျန်တိုက်ဖျက်

မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ မိမိတို့ ရည်မှန်းချက် အောင်မြင်ရေး၊ အုပ်ချုပ်ရေး ယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ ပြည်သူများ စိုးရိမ်ကြောက်ရွံ့ ထိတ်လန့်မှုဖြစ်စေရန်အတွက် မြို့ရွာသို့ အလစ်အငိုက်ထိုးဖောက် ဝင်ရောက်ပြီး တိုင်းပြည်ကို ဖျက်ဆီးနေသည့် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများ၏ လုပ်ရပ်များကို မြင်တွေ့ကြားသိကြရမည် ဖြစ်သည်။

အကြမ်းဖက်အဖျက်သမားများသည် အုပ်ချုပ်ရေးပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် မြို့ရွာများရှိ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းအပြင် မြို့ရွာနေ ပြည်သူများအား နှိပ်စက်ညှဉ်းဆဲ လုယက်တိုက်ခိုက်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကယားပြည်နယ်ရှိ မြို့ရွာဒေသအချို့သို့ ဝင်ရောက်၍ မြို့ခံ၊ ရွာခံ၊ နေအိမ်အဆောက် အအုံများကို အကာအကွယ်ယူကာ အုပ်ချုပ်ရေး ယန္တရားပျက်ပြားအောင် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်က လက်နက်ကိုင်သောင်းကျန်းသူများက မြို့ရွာများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ပြည်သူများမှာ စစ်ဘေးရှောင်ပြေးခဲ့ကြသည်။ တပ်မတော်သည် ရှိသမျှလက်နက်အင်အား၊ လူအင်အားဖြင့် ရဲဝံ့စွန့်စားကာ ခုခံ တိုက်ထုတ်ခဲ့ကြသည်။ ပြည်သူများက တပ်မတော်ကို ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးခဲ့ကြသည်။ လက်နက်ကိုင်သောင်းကျန်းသူများ မြို့ရွာများမှ ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး တောတောင်နယ်စပ်များတွင် ခိုလှုံခဲ့ကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ယနေ့ထက်တိုင်အောင် ခေတ်အဆက်ဆက်တွင် သောင်းကျန်းသူ ချေမှုန်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့မှုများကြောင့် တိုင်းရင်းသား လက်နက်ကိုင်များမှာ သူ့နေရာနှင့်သူ မျှခြေတွင် ရပ်တည်နေခဲ့ကြသည်။ လက်နက်ကိုင်အဖွဲ့များသည် မြို့ရွာများသို့ ဝင်ရောက် တိုက်ခိုက်ခြင်း မပြုခဲ့ကြချေ။ ရံဖန်ရံခါနှင့် စစ်ဆင်ရေး ကာလများတွင်သာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တောတောင်များတွင် ထိတွေ့မှုများရှိခဲ့သည်။ တပ်မတော်သည် ငြိမ်းချမ်းရေးကို အလေးထားရှေးရှု၍ ပစ်ခတ် တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ရပ်စဲပေးခဲ့သည်။

မျက်မှောက်ကာလတွင် နိုင်ငံရေးအစွန်းရောက်များသည် ၎င်းတို့အာဏာ ရရှိရေးအတွက် တိုင်းပြည် အလုံးစုံ ပျက်စီးရေးကို လုပ်ကိုင်လာကြသည်။ အကြမ်းဖက် အဖွဲ့များအဖြစ် သတ်မှတ်ထားသော CRPH နှင့် NUG တို့သည် ပြည်ပသို့ ထွက်ပြေး၍ ပြည်တွင်းမှ ပြည်သူအချို့ကို လမ်းမှားပေါ်သို့ တွန်းတင်ပေးခဲ့သည်။ KIA နှင့် KNPP တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းပြီး ဖောက်ခွဲရေး သင်တန်းများ၊ စစ်သင်တန်းများပေး၍ လက်နက်များ ထောက်ပံ့ပေးကာ မြို့ရွာများတွင် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ကိုင်လာကြသည်။ ယခုအခါ တပ်မတော်သည် အကြမ်းဖက် အဖျက်သမားများအား ထိရောက်စွာ နှိမ်နင်းခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက် ရှိသည်။

မကြာမီကာလက ကယားပြည်နယ်ရှိ မြို့ရွာအချို့တွင် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက် သောင်းကျန်းသူများသည် လူနေအဆောက် အအုံများ၊ အစိုးရပိုင် အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့ကြသည်။ မြို့ရွာများအတွင်း တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ခွာကြရာတွင် အကြမ်းဖက် သောင်းကျန်းသူများက ထွက်ခွာခွင့်မပေးဘဲ ပြည်သူများအား လူသားတံတိုင်းသဖွယ် အသုံးပြု၍ အကာအကွယ်ယူခဲ့ကြသည်။ စစ်ဘေးရှောင်ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဓားစာခံပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ခဲ့၍ ပြည်သူများ ထိခိုက်မှုမရှိခဲ့ချေ။ အကြမ်းဖက် သောင်းကျန်းသူများသည် မြို့ရွာများကို တိုက်ခိုက်ပြီး မြို့ရွာအတွင်း တည်ငြိမ်မှု ပျက်ပြားအောင် ဆူပူမှုများ ပြုလုပ်ခဲ့ကြသည်။ KNPP နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၏ လုပ်ရပ်များသည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက်အအုံများ၊ လူနေရပ်ကွက် အဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြသည်။

သို့ဖြစ်ရာ တိုက်ပွဲအတွင်း ဒေသခံပြည်သူများအား အသက်အန္တရာယ်ဇုန်မှ ကင်းလွတ်အောင် ထွက်ခွာခွင့်ပေးရမည့်အစား လူသားတံတိုင်းအဖြစ် အသုံးချခဲ့သော ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်သည့် အကြမ်းဖက် အဖျက်သမားများအား ထိရောက်စွာ ဝိုင်းဝန်းတိုက်ဖျက်ရမည်ဖြစ်ပါကြောင်း။ ။