Skip to main content

ရွှေ့ပြောင်းလုပ်သားများ ပြည်ပတွင် အဆင်ပြေချောမွေ့စွာ အလုပ်အကိုင်ရရှိရေး ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၁/၂၀၂၂ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁

ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ၁/၂၀၂၂ ကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနနှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့မှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ခံ၊ အလုပ်သမားသံအရာရှိ (ဗန်ကောက်မြို့) အထူးဖိတ်ကြား ထားသူများနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကော်မတီအစည်းအဝေးကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပုံမှန်ကျင်းပနိုင်ခြင်း မရှိသော်လည်း ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီး ကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကော်မတီဝင်များသို့ သဘောထားမှတ်ချက်များ တောင်းခံ၍ ဆောင်ရွက်လျက်ရှိပြီး လစဉ်လုပ်ငန်းဆောင်ရွက်ချက်များကို ကော်မတီဝင်များထံ ပုံမှန်ဖြန့်ဝေပေးပို့လျက်ရှိကြောင်း။

ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်အသစ် လျှောက်ထားမှုတွင် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အချက် ၇ ချက်နှင့် ပြည့်စုံမှုရှိပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုရှိခြင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အား ဖောက်ဖျက်ကျူးလွန်မှု မရှိခြင်း၊ ကော်မတီ၏ လုပ်ငန်းလမ်းညွှန် ချက်များကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လျှောက်ထားသူများကို ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် ထုတ်ပေးလျက်ရှိရာ ထိုသို့ ခွင့်ပြုထုတ်ပေးနိုင်ရေး အတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် စိစစ် ထုတ်ပေးရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် မေ၂၀ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း။

ဝန်ကြီးဌာနအနေဖြင့် (Passport for Job- PJ) ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရာတွင် ဥပဒေနှင့်အညီ ဝန်ကြီးဌာနမှ ထုတ်ပေးထားသော ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Employment Identification Card – OWIC) ပါရှိမှသာ ထွက်ခွာခွင့်ပြုလျက်ရှိရာ ပြည်ပနိုင်ငံများသို့ ထွက်ခွာနိုင်ရေး ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) ပြုလုပ်ခွင့် တင်ပြလာပါကဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဝင်းရှိန် က ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို အသေးစိတ် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ထိုင်းနိုင်ငံရှိ စမုစခွန်ခရိုင်၊ စမုပရာကန်ခရိုင်၊ ချင်းမိုင်ခရိုင်၊ ချွန်ဘူရီခရိုင်နှင့် ရနောင်းခရိုင်တို့တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) သက်တမ်းတိုး စခန်းများကို ဇန်နဝါရီ ၁၀ ရက်တွင် စတင် ဖွင့်လှစ်ခဲ့မှု၊ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမား စေလွှတ် ရေးလုပ်ငန်းစဉ်ဆိုင်ရာအခြေအနေ၊ ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်နှင့် ပြည်ပ အလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC)ကိစ္စ၊ CI သက်တမ်းတိုးစခန်း (၅) ခုနှင့် အရန်စခန်း ၁ ခုတွင် အသုံးပြုမည့် စက်ပစ္စည်းများနှင့် Consumable များနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှု၊ TDCC တွင် Passport သုံးစွဲ၊ လက်ကျန်အခြေအနေနှင့် OWIC လုပ်ငန်းစဉ်အတွက် PVC သုံးစွဲ လက်ကျန်အခြအနေများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသည့် Online မှ တက်ရောက်သူများ၊ သံအရာရှိများက ရှင်းလင်း ဆွေးနွေးမှုများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)