မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသောပြည်သူများ လျှပ်စစ်မီးအသုံးပြုရန် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းရှိ အိမ်ထောင်စုဦးရေ စုစုပေါင်း ၁၀ ဒသမ ၉ သန်းရှိသည့်အနက် လက်ရှိတွင် အိမ်ထောင်စု ၆ ဒသမ ၆ သန်းခန့်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများ ရယူသုံးစွဲလျက်ရှိသည်။ ပြည်သူများ လျှပ်စစ်ဓာတ်အားရရှိရန် အဓိကအားဖြင့် ရေအားလျှပ်စစ်မှထုတ်လုပ်ပြီး ထပ်မံလိုအပ်သည် များကို သဘာဝဓာတ်ငွေ့သုံးနှင့် အခြားဓာတ်အားပေးစနစ်များဖြင့် ထုတ်လုပ်ပေးလျက်ရှိသည်။
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ပုံမှန်အချိန်၌ မဂ္ဂါဝပ် ၄၂၀၀ အမြင့်ဆုံးထုတ်လုပ်နိုင်သည်။ လိုအပ်သောဓာတ်အားကို ပြည်ပမှမှာ ယူတင်သွင်းရသော ဓာတ်အားပေးစက်ရုံများမှ မဂ္ဂါဝပ် ၇၅၀ ထုတ်လုပ်သည်။ ယခုအခါ ပြည်ပမှတင်သွင်းရသည့် ဓာတ်ငွေ့ဈေးနှုန်း လေးဆခန့် မြင့်တက်လာ သည်။ ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများကို ယခုကာလအတွင်း ပုံမှန် ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၅၄၀ လျော့နည်းနေသည်။ ထို့အပြင် ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ အများပြည်သူ သုံးစွဲရန်အတွက် ပို့လွှတ်နေသော၂၃၀ ကေဗွီ တာဝါတိုင်များကို အကြမ်းဖက်သမားများက အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့နည်းနေသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားပုံမှန်ရရှိရေးအတွက် ပြုပြင်ထိန်းသိမ်း မြှင့်တင်ဆောင်ရွက်ခြင်းနှင့် အခြားနည်းလမ်းအမျိုးမျိုးတို့ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့၊ ရေအား၊ လေအားနှင့် နေရောင်ခြည်စွမ်းအင် စသည့်သဘာဝပတ်ဝန်းကျင်မှ လျှပ်စစ်ဓာတ်အားအမျိုးမျိုးကို ထုတ်လုပ်နိုင်သည်။ ယင်းတို့အနက် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် သပြေဝကျေးရွာတွင် တည်ဆောက် ထားသော သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းသည် ဒေသခံ ပြည်သူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားများကိုထုတ်လွှတ်ပေးလျက်ရှိသည်။
နေရောင်ခြည်လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံတွင် လုံလောက်သော နေရောင်ခြည်စွမ်းအင်ပမာဏ အပြည့်အဝရရှိပြီး ထုတ်လုပ်ရန်အတွက် အဓိကလိုအပ်ချက်မှာ နေရောင်ခြည်စွမ်းအားစီးဆင်းသည့် ဆိုလာပြားများဖြစ်သည်။ လက်ရှိတွင် အသုံးပြုနေသော ဆိုလာပြားများကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ မှာယူတင်သွင်းပြီး ပြည်တွင်း၌လည်း ဆိုလာပြားများ ထုတ်လုပ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က သပြေဝနေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က “မိမိတို့နိုင်ငံမှ ထုတ်လုပ်လျက်ရှိသည့် ဆိုလာပြားများနှင့် ပြည်ပနိုင်ငံများမှ ထုတ်လုပ်သည့် ဆိုလာပြားများ၏ အရည်အသွေးများနှိုင်းယှဉ်၍ အရည်အသွေးပြည့်မီသည့် ဆိုလာပြားများ ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားထားသည်။
နေရောင်ခြည်သုံး ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် လုပ်ငန်းစတင် တည်ဆောက်ရာ၌ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသော်လည်း စီမံကိန်း တည်ဆောက်မှု အချိန်ကာလနည်းပါးခြင်း၊ တည်ဆောက်ပြီးနောက်ပိုင်းတွင် ကုန်ကျစရိတ် သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရှိသည်။ နေရောင်ခြည်စွမ်းအင်စီမံကိန်း စက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပြင် ကျေးရွာများတွင် ဆိုလာပြားများ သီးသန့်တပ်ဆင်၍ အသုံးပြုပါကလည်း ကုန်ကျစရိတ် နည်းပါးပြီး အချိန်တိုအတွင်း ပြည်သူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို တစ်ပိုင်တစ်နိုင် အသုံးပြုနိုင်သည်။ ထို့အပြင် ကျေးရွာနေအိမ် လမ်းများမီးလင်းရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမှုမဖြစ်ထွန်းသည့်နေရာများတွင် နေရောင်ခြည်စွမ်းအင်ကိုအသုံးပြု၍ စိုက်ပျိုးရေ ရရှိရေးတို့ကို ဆောင်ရွက်နိုင်သည်။
ယခုအခါ နိုင်ငံအတွင်းနေထိုင်ကြသော အိမ်ထောင်စုအားလုံး၏ရာခိုင်နှုန်း ၆၀ ကျော် လျှပ်စစ်မီး ရရှိနေပြီဖြစ်သည်။ လျှပ်စစ်စီမံကိန်းများကို နှစ်စဉ် တိုးတက်တည်ဆောက်ခြင်း၊ လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ခြင်း၊ ခြိုးခြံချွေတာခြင်းနှင့် တည်ဆောက်ထားသော လျှပ်စစ် စီမံကိန်းများ ဖျက်ဆီးခံရခြင်းမရှိအောင်၊ ပျက်စီးခြင်းမရှိအောင် ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းဖြင့် တစ်နိုင်ငံလုံး၊ အိမ်ထောင်စုအားလုံး၊ ပြည်သူ အားလုံး လျှပ်စစ်မီးရရှိရေးရည်မှန်းချက်သို့ ရောက်ရှိမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပေါများကြွယ်ဝသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓာတ်အားပေးစီမံကိန်းနှင့် အသေးစားဆိုလာစွမ်းအင် ထုတ်လုပ်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ရာ အထူးသဖြင့် ကျေးလက်ဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်လျှပ်စစ်ဓာတ်အားပေးစနစ်ကို များစွာအထောက်အကူပြုပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း။ ။