နေပြည်တော် ဇန်နဝါရီ ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်စိုး၊ တာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြစ်ကြီးနား မြို့နယ် ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီး သူများ၏ ကိုယ်ရေးအချက်အလက်များကို Digital စနစ်သို့ ပြောင်းလဲနိုင်ရေး ကွန်ပျူတာဖြင့် ဖြည့်သွင်း ဆောင်ရွက်နေမှုနှင့် နေပြည်တော်ရှိရုံးချုပ်နှင့် Online စနစ်ဖြင့် ချိတ်ဆက်၍ အချက်အလက်များ တိုက်ဆိုင်ဖြည့်သွင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည်နှင့်အညီ စနစ်တကျ ထိန်းသိမ်းနိုင်ရေးနှင့် e-ID စနစ်အကောင် အထည်ဖော်ရာတွင် ချိတ်ဆက် အသုံးပြုနိုင်ရေး ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မနောရွှေပြည်ခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဦးစီး မှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ဝင်/ထွက်သွားလာရာတွင် စနစ်တကျဖြစ်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းလုပ်ငန်း ဆိုင်ရာများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး သိရှိနားလည်ထားကြရန် လိုအပ်ကြောင်း။
နိုင်ငံသားများအား နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ မဖြစ်မနေ ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိကြောင်း။
e-Goverment စနစ်၏ အခြေခံအကျဆုံး လုပ်ငန်းဖြစ်သော e-ID စနစ် အကောင်အထည်ဖော်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ရာ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆိုင်ရာကြိုတင် ဆောင်ရွက် ရန်ရှိ သည်များကို စီစဉ်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်တွင် ကောက်ယူ ရန် အလှည့်ကျပြီဖြစ်သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ရာ ပြီးစီးနိုင်သမျှသော လုပ်ငန်းများ ကို အကောင်းဆုံး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက် အောင်မြင်ရေး အတွက် မြို့နယ်အလိုက်ဆောင်ရွက်ရန် သတ်မှတ်လျာထားသည့် အရေအတွက်များကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)