Skip to main content

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများ ကျင်းပရခြင်းသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်းမှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက် သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ဖြစ်ပါကြောင်း။

ယခုကဲ့သို့ အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားအမျိုးသမီးငယ်များ ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စားလာစေရန်၊ အရည်အချင်းပြည့်ဝသည့် အမျိုးသမီးဘောလုံး အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်၊ မြန်မာ့အမျိုးသမီး ဘောလုံးလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် သွေးသစ်လောင်းနိုင်မည့် မျိုးဆက်သစ်အမျိုးသမီး ဘောလုံး အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လားစေရန်စသည့် ရည်ရွယ်ချက် ဖြင့်ကျင်းပရခြင်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ သည့်အချိန်တွင် ယနေ့ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲသည် သာမန်အားကစားပြိုင်ပွဲတစ်ရပ် မဟုတ်ဘဲ နိုင်ငံတကာအလယ်တွင် ဘောလုံးအားကစားနည်းဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်စေရန် အထောက်အကူဖြစ်စေမည့် ပြိုင်ပွဲတစ်ရပ်အဖြစ် မှတ်ယူပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားသမားများအနေဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်သွားကြရန် ပြောကြားလိုပါ ကြောင်း။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၁၉ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးအသင်းသည် ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် အာရှဖလားအမျိုးသမီး ပြိုင်ပွဲအတွက် ခြေစစ်ပွဲများ အောင်မြင်ထားပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပါကြောင်း၊ ထို့ပြင် အသင်း၏အောင်မြင်မှုနှင့်အတူ မြန်မာ့လက်ရွေးစင် အမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် အိန္ဒိယနိုင်ငံထိပ်တန်း အမျိုးသမီးဘောလုံးအသင်းတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးအမျိုးသမီး Professional ဘောလုံးသမားအနေဖြင့် သွားရောက်ခြေစွမ်းပြ ကစားနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးဘောလုံးအားကစားသမားများအနေဖြင့် ကြိုးစားလျှင် ကြိုးစားသလို အခွင့်အလမ်း များ ရရှိလာနေပြီဖြစ်သည့်အတွက် ယခုကတည်းက အားကြိုးမာန်တက်ကြိုးစား သွားရန်တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးတို့က ပြိုင်ပွဲဝင် အားကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဘောလုံးဝါသနာရှင် ပြည်သူများသည် ပထမပွဲစဉ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေး တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၁၃ သင်းဖြင့် ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘောလုံးဝါသနာရှင်များအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)