မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည်မှာ နှစ်ပေါင်း ၇၄ နှစ်ပြည့်တော့မည် ဖြစ်သည်။ ယခုနှစ်သည် မြန်မာ့သမိုင်းတွင် ထူးခြားလေးနက်သည့်နှစ်တစ်နှစ် ဖြစ်လာတော့မည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေခံအုတ်မြစ်ကို စိုက်ထူခဲ့သည့် စိန်ရတု ပြည်ထောင်စုနေ့နှင့် လာမည့်နှစ် ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုကာလဖြစ်သောကြောင့်တည်း။ မြန်မာနိုင်ငံ၏ ထူးခြားသော ဝိသေသလက္ခဏာ များကို ဆောင်ကြဉ်းသည့် နေ့ကြီးရက်ကြီးများသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအဖို့ သတိမူဆင်ခြင် ကြိုးပမ်းအားထုတ်ရမည့် အချိန်ကာလဖြစ်သည်။
မြန်မာ့လွတ်လပ်ရေး ၇၅ နှစ်တာကာလသည် နိုင်ငံအတွက် ရာစုနှစ်တစ်ဝက်ကျော် ဖြတ်ကျော် ခဲ့ပြီး (၇၅) နှစ် စိန်ရတုမှသည် ရာပြည့်ဆီသို့ ဦးတည်နေသော အခါသမယဖြစ်သည်။ ရာစုနှစ် ကာလအပိုင်းအခြားကို ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ ရာပြည့်ဟူ၍ ၂၅ နှစ်တာ ကာလအပိုင်းအခြား သတ်မှတ်ရာတွင် နိုင်ငံ တစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုနှင့် ချိန်ထိုးကြည့်ရာ၌ ရတုကာလ အပိုင်းအခြားတစ်ခုအတွင်း ပြောင်းလဲတိုးတက်ဖြစ်ပေါ်လာမှုများကို မြင်တွေ့ကြရမည် ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ (၇၅) နှစ်တာ စိန်ရတုပြည်ထောင်စုနေ့ကာလ၊ စိန်ရတုအကြို လွတ်လပ်ရေးနေ့ကာလတို့တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့ ထင်ရှားပေါ်လွင်စွာ ဖြစ်ပေါ်လာရေးနှင့် လွတ်လပ်ရေး အသီးအပွင့်များ၊ ဖွံ့ဖြိုးတိုးတက်မှုအနှစ်သာရများ ဝေဆာလာအောင် ကြိုးပမ်းဆောင်ရွက်ကြရန် အရေးကြီးသည်။ သို့ဖြစ်၍ မြန်မာ့အရေး။ မြန်မာ့ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများ အခြေအနေတို့နှင့် ယှဉ်တွဲသုံးသပ်ပြီး မြန်မာနိုင်ငံ၏အနာဂတ်အရေးကို အလေးပေးမြော်တွေး လုပ်ဆောင်ကြရန် လိုအပ်ပေမည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့် ၂၅ နှစ်တာကာလသုံးပိုင်းကို လည်ပြန်ကြည့်မည်ဆိုလျှင် ပြောင်းလဲတိုးတက်မှုများကို တွေ့ရမည်ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်ရှိနိုင်ငံများနှင့် နှိုင်းယှဉ် ကြည့်မည်ဆိုလျှင် အိမ်နီးချင်းနိုင်ငံများထက်ပင် ဖွံ့ဖြိုးမှုနောက်ကျလာသည်ကို တွေ့ရမည် ဖြစ်သည်။ ဤသို့ဖြစ်ရသည်ကို ဆင်ခြင်ကြည့်လျှင် နိုင်ငံ၏ နိုင်ငံရေးစနစ်ကို ဖြောင့်တန်းစွာ မတည်ဆောက်နိုင်ခြင်းနှင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးကို မတက်လှမ်းနိုင်သေးခြင်း ကြောင့်ဟု သုံးသပ်ရမည်ဖြစ်သည်။
လွတ်လပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးသည် စည်းလုံးညီညွတ်ရေးနှင့် ဒွန်တွဲနေပါသည်။ ဒီမိုကရေစီရေးသည် မတူကွဲပြားမှုများနှင့် ပေါင်းစည်းခြင်းတို့ ဒွန်တွဲနေပါသည်။ မတူကွဲပြားမှုများကို ပေါင်းစည်းနိုင်ခြင်းမရှိသောအခါ စည်းလုံးညီညွတ်ရေး အားနည်းပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း အကျိုးရလဒ် များဖြစ်စေပါသည်။ ဒီမိုကရေစီသည် မတူကွဲပြားသူများနှင့်အတူ လက်တွဲလုပ်ကိုင်ခြင်းဖြစ်ပါသည်။ မတူကွဲပြားသူများ အတူလက်တွဲခြင်းသည် ဗြဟ္မစိုရ်တရား ထွန်းကားခြင်း၊ သဘောထားကြီးခြင်းဖြစ်ပါသည်။ မတူကွဲပြားသူများနှင့် လက်မတွဲနိုင်ခြင်းသည် သဘောထားသေးခြင်း၊ အာဃာတများခြင်း၊ ဝါဒစွဲကြီးခြင်း ဖြစ်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံ ၏ အခြေအနေနှင့် ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းကြောင်းကို မှန်းဆကြည့်နိုင်ပါသည်။
စိန်ရတုကာလလွန်လျှင် မြန်မာနိုင်ငံလွတ်လပ်ရေး ရာပြည့်ကာလသို့ တက်လှမ်းတော့မည် ဖြစ်သည်။ ကျန်ရှိသော ရတုကာလ အပိုင်းအခြားတစ်ခုအတွင်း မိမိတို့နိုင်ငံ နောက်ကျမကျန်ရစ်ဘဲ တိုးတက်လာရေးအတွက် အစွမ်းကုန်ရုန်းထ ကြရမည်ဖြစ်သည်။ စည်းလုံးညီညွတ်ရေးကို အစွမ်းကုန် တည်ဆောက်ကြ ရမည်ဖြစ်သည်။ သွေးခွဲမှုများကို အစွမ်းကုန်ဖယ်ရှားကြရမည် ဖြစ်သည်။ မျက်မှောက်ကာလသည် နိုင်ငံတစ်နိုင်ငံကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ကျူးကျော်သိမ်းပိုက်သောခေတ် မဟုတ်တော့ပေ။ နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲအောင်သွေးခွဲပြီး လက်ဝေခံဘဝ တစ်နည်းအားဖြင့် သွယ်ဝိုက်သောနည်းဖြင့် ကိုလိုနီပြုခြင်းကို ပြုလုပ်နေသောကာလဖြစ်သည်။
မိမိတို့ စိတ်ဝမ်းကွဲပြားနေလျှင်၊ ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမ အချင်းချင်း ညီညွတ်ခြင်းမရှိလျှင် ငွေရတု၊ ရွှေရတု၊ စိန်ရတုကာလများသာမက ရာပြည့် ကာလထိတိုင် သူတစ်ပါးနိုင်ငံနောက် အောက်ကျနောက်ကျရောက်နေမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူ အများစုမှာ မဖွံ့ဖြိုးသေးသောဘဝ၊ မပြည့်စုံသေး သောရလဒ်များကို ခံစားနေကြရသေးသည်။ ထို့ကြောင့်ယနေ့ စိန်ရတုပြည်ထောင်စုနေ့၊ စိန်ရတုအကြို လွတ်လပ်ရေးနေ့မှစတင်၍ နိုင်ငံ၏ ပကတိ အခြေအနေမှန်များကို မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်ပြီး တိုင်းရင်းသား ပြည်သူ အချင်းချင်း လက်တွဲစည်းလုံးကာ နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲခဲ့သည့် ပြည်ထောင်စုကြီးကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပြီး ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ဝေဆာလာအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါကြောင်း။ ။