နေပြည်တော် ဒီဇင်ဘာ ၃၀
တက္ကသိုလ်များ ဖွင့်လှစ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ တက္ကသိုလ်ဝန်းကျင် ကောင်းများကို ဖန်တီးပေးကြရမည်ဖြစ် ပါကြောင်း၊ တက္ကသိုလ်များ ဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာရေးတို့ကို အလေးထား ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ အားလုံးကို ကျောင်းတက်သည်နှင့် တစ်ပြိုင် နက်တည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေးနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု စာရင်းများကို စနစ်တကျ မှတ်တမ်းထားရှိနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်စာကြည့်တိုက်များရှိ ဘာသာရပ်အလိုက် ရည်ညွန်းစာအုပ်အရေအတွက်၊ သုတ၊ရသ စာအုပ်အရေအတွက်နှင့် ထပ်မံလိုအပ်သည့် စာအုပ်စာရင်းများပြုစု၍ တင်ပြစေလိုပါကြောင်း၊ ဆရာဆရာမ၊ ကျောင်းသား ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးရန်အတွက် စာအုပ်များနှင့် စာကြည့် တိုက်ဝန်ထမ်းများ ပြည့်စုံအောင် ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း။
တက္ကသိုလ်အသီးသီးတွင် မြေနေရာရှိပြီး သီးခြားစာကြည့်တိုက်မရှိသေးပါက တည်ဆောက် ဖြည့်ဆည်းပေး မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအတွက် သင်ထောက်ကူ ပစ္စည်းများ ဝယ်ယူရာတွင် သက်ဆိုင်ရာ ဘာသာရပ်ပါမောက္ခများတွေ့ဆုံညှိနှိုင်းပြီး တက္ကသိုလ် တိုင်းအတွက် တပြေးညီတူညီသည့် သင်ထောက် ကူပစ္စည်းများ သတ်မှတ်မှာကြား ကြစေလိုပါကြောင်း၊ မှာယူထားသော သင်ထောက်ကူပစ္စည်းများကို အသုံးမပြုဘဲထားခြင်းသည် ဝန်ကြီးဌာနအတွက်၊ နိုင်ငံတော်အတွက် ဆုံးရှုံးမှုဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများအနေဖြင့် သင်ကြားရေးကို စာသင်ခန်းအထိ လှည့်လည်ကြည့်ရှုပြီး ကြီးကြပ်ကြရမည်ဖြစ်ပါကြောင်း၊ သင်ကြားရေး၊ စီမံရေးရာအခြေအနေများ တိုးတက်ကောင်း မွန်ရေးအတွက် အောက်ခြေအထိ ကွင်းဆင်းကြီးကြပ် ကြရမည်ဖြစ်ပါကြောင်း။
တက္ကသိုလ် အသီးသီးတွင် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ယူသည့် ဦးရေ၊ ဘွဲ့ရရှိသည့်ဦးရေနှင့် ရာခိုင်နှုန်း စသည့်စာရင်းဇယားများကို ပညာသင်နှစ်အလိုက်၊ ဘာသာရပ်အလိုက် ဆယ်နှစ်စာပြုစု ထားကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ပရဝုဏ် အတွင်း အင်တာနက် ဝိုင်ဖိုင်ကွန်ရက် အပြည့်အဝလွှမ်းခြုံနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်း ပေးမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် ကွန်ပျူတာများ လိုအပ်သည့် အရေ အတွက် ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် ဒေသ အကျိုးပြု အသုံးချဘာသာရပ်များကို တိုးချဲ့သင်ကြားကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေနှင့် စီးပွားရေးဘာသာရပ်သင်တန်းများကို စီးပွားရေးဇုန်(၂၄)ခုတွင် တိုးချဲ့ဖွင့်လှစ် သွားမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ် နည်းပြ၊ သရုပ်ပြများ ခန့်အပ်ရာတွင် အသက်ကန့် သတ်ချက်ကို တိကျစွာစိစစ် ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ဖြည့်စွက်ရှင်းလင်းသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့်အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသူများက တက္ကသိုလ်များပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြန်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)