နေပြည်တော် ဒီဇင်ဘာ ၂၉
“သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ခရီးသွားလုပ်ငန်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်က ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကြောင့် ခရီးသွား လုပ်ငန်းများလည်း ထိခိုက်ခဲ့ရကြောင်း၊ အလားတူ လူသားများ၏ ပေါ့လျော့စွာ လုပ်ကိုင်ဆောင်ရွက်မှုများကြောင့်လည်း သဘာဝဘေးအန္တရာယ်ဆိုးကျိုးများ ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများတွင် ခရီးသွား လုပ်ငန်း အရင်းအမြစ်များဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပျက်စီးဆုံးရှုံးမှုကို ပြန်လည်ပြင်ဆင်ရာတွင် မူလပကတိပုံစံ အခြေအနေမျိုး ပြန်လည်ရရှိရန် မဖြစ်နိုင်သည့်အတွက် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကြီးမားကြောင်း။
နည်းလမ်းများပေါ်ထွက်လာနိုင်
ပညာရှင်များအနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ် များကို လျှော့ချကာကွယ်နိုင်ရန် Sustainable Development Goals ၁၇ ချက်ကို အသိပေးထုတ်ပြန်ထားကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကို ကာကွယ်နိုင်ရန် ခရီးသွားလုပ်ငန်းကဏ္ဍတွင် Green City Green Hotel များ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် ကဏ္ဍအသီးသီး၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများကို ကာကွယ်နိုင်မည့်နည်းလမ်းများ နှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို သိရှိနားလည်ပြီး အကျိုးရှိမည့် ရလဒ်ကောင်းများနှင့် နည်းလမ်းများ ပေါ်ထွက်လာနိုင်ရေး ဆွေးနွေးအဖြေရှာကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက သဘာဝဘေးအန္တရာယ်ကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများထိခိုက်နစ်နာမှုများ၊ ဒေသခံပြည်သူများ၏ စီးပွားရေးထိခိုက်မှုများ၊ ခရီးသွားလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးစီမံချက်များ ရေးဆွဲဆောင်ရွက်မှုနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနိုင်ရေးအခြေ အနေများကို ဆွေးနွေးသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေ၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပြဋ္ဌာန်းထားရှိမှု၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှုနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီး ရေးအသိပညာပေး သင်တန်းများ ဖွင့်လှစ်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်မှု၊ ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ရေးဆွဲထားရှိမှုအခြေအနေများနှင့် ခရီးသွားကဏ္ဍ အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနိုင်ငံ အချို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများနှင့် ခရီးသွားလုပ်ငန်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။
စားပွဲဝိုင်းဆွေးနွေး
ယင်းနောက် ဆွေးနွေးမှုများအပေါ်အဖွဲ့ (၄) ဖွဲ့ ခွဲ၍ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်၊ မိုးကြိုကာလမုန်တိုင်း သက်ရောက်မှု၊ မီးဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ် ခေါင်းစဉ်များဖြင့် စားပွဲဝိုင်းဆွေးနွေးကြပြီး အဖွဲ့ (၄) ဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် panel discussion ပြုလုပ်ကြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ၏ သဘာပတိက အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ် အကျဉ်းချုပ်ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးကြသူများနှင့် အဖွဲ့လိုက် ကိုယ်စားပြုသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များ၊ အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်နှင့် မန္တလာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများနှင့် တာဝန်ရှိသူများက Online မှ ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်