နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့နိုင်ငံ၏ရေပြင်ပိုင်နက်သည် စတုရန်း မိုင်ပေါင်း ၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းရေမိုင် ၁၂၆၀ကျော်ရှည်လျားသည့်အတွက် အပြောကျယ်လှသည့် ရေပိုင်နက်ကို ကာကွယ်ရန်မှာ စေ့စေ့စပ်စပ်ဖြင့် အသိတရား၊ သတိတရားဖြင့် ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်ရှိ ကြွယ်ဝသည့် ရေပေါ်ရေအောက်သယံဇာတအရင်းအမြစ်များ စောင့်ရှောက်ရေး၊ နိုင်ငံ၏ ပင်လယ်ပြင်အခြေပြုစီးပွားရေးလုပ်ငန်းများ (Ocean Based Economy) ဘေးကင်းလုံခြုံရေးနှင့် ကျူးကျော်လာမည့် ရေကြောင်းဆိုင်ရာခြိမ်းခြောက်မှု မှန်သမျှကို တွန်းလှန် ကာကွယ်ရေးသည် တပ်မတော် (ရေ)၏ အဓိကတာဝန် ဖြစ်ကြောင်း” (၇၄)နှစ်မြောက် တပ်မတော် (ရေ)နေ့ အထိမ်းအမှတ်စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည်ပထဝီအနေအထားအရရေမြေတောတောင်သဘာဝပတ်ဝန်း ကျင်အနေအထားမှာ အခြားနိုင်ငံများနှင့်မတူ ထူးခြားသောဝိသေသလက္ခဏာများ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ၏ ကုန်းမြေအကျယ်အဝန်းပမာဏမှာ မြောက်ဘက်အစွန်ဆုံးမှ တောင်ဘက်အစွန်ဆုံးအထိ မိုင် ၁၂၀၀ ခန့်ရှည်၍ အကျယ် ပြန့်ဆုံးနေရာတွင် အရှေ့ဘက်အစွန်မှ အနောက်ဘက်အစွန်အထိ ၅၇၅ မိုင်ခန့် ကျယ်ပြန့်သဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း နှစ်သိန်း ခြောက်သောင်းကျော် ကျယ်ပြန့်သည်ဟု သိရသည်။ ရေပြင်ပိုင်နက်မှာလည်း စတုရန်းမိုင်ပေါင်း ၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းရေမိုင် ၁၂၆၀ ကျော် ရှည်လျားသည့်အတွက် ပထဝီဝင်အနေ အထားတည်နေရာအရ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမြောက် သည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် နိုင်ငံစီးပွားရေးနှင့် ကာကွယ်ရေးတွင် အရေးကြီး သကဲ့သို့ နိုင်ငံ့အရေးအရာကိစ္စများတွင်လည်း ပထဝီဝင်နိုင်ငံရေးအရ အရေးပါသော ကိစ္စရပ်များကိုလည်း သတိပြုရမည်ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော်၏လိုအပ်ချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာ ပေါများရေးကို အထူးအလေးထား ဆောင်ရွက်လျက် ရှိသည်နှင့်အတူ အပြောကျယ်လှပြီး ပထဝီဝင် အနေအထားအရ အရေးပါလှသည့် နိုင်ငံမြေပြင်၊ ရေပြင်၊ ဝေဟင်တို့ကို တပ်မတော်က ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ထက်မြက်သော ခေတ်မီတပ်မတော်ကြီး ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ပထဝီဝင်အနေ အထားအရ အရေးပါသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအား ယိုယွင်းပျက်စီးစေရန် အတွက် လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ သွေးခွဲသပ်လျှို့ဖျက်ဆီးမှုများ အစဉ်တစိုက် ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ ပြည်တွင်းမှ အကြမ်းဖက်အဖျက် သမားများကို သွေးထိုးလှုံ့ဆော်ထောက်ပံ့ပေးပြီး ဒေသအချို့တွင် နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရမည် ဖြစ်သည်။
တပ်မတော်သည် ပြည်တွင်း/ပြည်ပအန္တရာယ်များအား ဖယ်ရှားတိုက်ဖျက်ရန် အတွက် အစဉ်အမြဲ အသင့်ရှိနေသည်။ နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲခဲ့သည့် ပြည်ထောင်စုနိုင်ငံတော်ကြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ရာတွင် နယ်ချဲ့အင်္ဂလိပ်တို့က ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲပြီးနောက် ရခိုင်နှင့်တနင်္သာရီ၊ အောက်မြန်မာပြည်နှင့် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သည်။ မြန်မာနိုင်ငံ တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့ရာ၌ နယ်ချဲ့အင်္ဂလိပ်တို့သည် စစ်ပွဲသုံးကြိမ်စလုံးတွင် ရေကြောင်းချီ စစ်ဆင်တိုက်ခိုက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့ကို မြန်မာ စစ်သည်တော်တို့က ပြန်လည်ခုခံတွန်းလှန်ရာတွင် လက်နက်အင်အား၊ စစ်ရေး အင်အားမမျှသဖြင့် လက်လျှော့အရှုံးပေးခဲ့ရသည်မှာ သင်ခန်းစာယူစရာဖြစ်သည်။ ထိုအချိန်ကသာ မြန်မာ့တပ်မတော် စစ်အင်အားတောင့်တင်းခိုင်မာပါက နိုင်ငံ့လွတ်လပ်ရေး အလွယ်တကူဆုံးရှုံးမည်မဟုတ်ပေ။
ယနေ့အချိန်အခါတွင် ပြည်တွင်းမှ တိုင်းပြည်ကိုဖျက်ဆီးသူများနှင့် ပြည်ပအားကိုး အမျိုးသားသစ္စာ ဖောက်များအားအကြောင်းပြု၍ ပြည်ပမှဝင်ရောက် စွက်ဖက်နိုင်ရန်၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားနိုင်ရန် ကြိုးပမ်းဆောင်ရွက် မှုများကို အမျိုးမျိုးအဖုံဖုံတွေ့မြင်ရမည်ဖြစ်သည်။ မည်သို့ပင် ပြည်တွင်း/ပြည်ပ အန္တရာယ်အမျိုးမျိုးရှိသော်လည်း အင်အားတောင့်တင်းခိုင်မာပြီး စည်းလုံးညီညွတ် သောတပ်မတော်ကြီးက တွန်းလှန်ဖယ်ရှားသွားမည် ဖြစ်သည်။ အပြောကျယ်လှသော မြန်မာ့ရေပြင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စွမ်းရည် ထက်မြက်သောခေတ်မီ ရေတပ်မတော်ကို တည်ဆောက် နိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက်သည် စွမ်းရည်ထက်မြက်သည့်ကာကွယ်ရေး အင်အားစု တည်ဆောက် ပိုင်ဆိုင်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်၏ ပိုင်နက်နယ်နိမိတ်များကို နှောင့်ယှက်ဖျက်ဆီးထိပါး စော်ကားသူ ပြည်တွင်း/ ပြည်ပ အဖျက်ရန်စွယ်အန္တရာယ်မှန်သမျှတို့အား အင်အားတောင့်တင်းခိုင်မာသော မြန်မာ့ တပ်မတော်ကြီးက ပြည်သူတို့နှင့်အတူလက်တွဲ၍ တွန်းလှန်ဖယ်ရှားပြီး နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက် ရှိပါကြောင်း။