နေပြည်တော်၊ ဒီဇင်ဘာ-၂၈
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက စာသင်ကျောင်းများနှင့် ကျောင်းသုံးစာရွက်စာတမ်းများအား မီးလောင်ပျက်စီးစေရန် မီးရှို့ ဖျက်ဆီး ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိသည်။
ထိုသို့မီးရှို့ ဖျက်ဆီးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အခြေခံ ပညာ အထက်တန်းကျောင်း(ခွဲ)ရှိ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း RC ၂ ထပ်ကျောင်းဆောင်အား အကြမ်းဖက်သမားများက ဓာတ်ဆီ လောင်းမီးရှို့ခဲ့သော်လည်း မီးလောင်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သဲဖြူကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ထိန်းသိမ်းထားရှိသည့် သင်ရိုးညွှန်းတမ်း စာအုပ်များနှင့် ကျောင်းသုံး ဗလာစာအုပ်များအား နံနက် ၁၀ နာရီအချိန်တွင် အကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီးခဲ့သဖြင့် စာအုပ်များ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၊ မြနန္ဒာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်းအား ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် အကြမ်းဖက်သမား များက ဓာတ်ဆီပုလင်းများဖြင့် မီးရှို့ ပစ်ပေါက်ခဲ့သော်လည်း ကျောင်းအဆောက်အဦ မီးလောင် ပျက်စီးမှု မရှိကြောင်း သိရှိရသည်။
၎င်းအပြင် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ကယား ပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘောဝမ်(က)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးအနီး ပြည်ထောင်စုလမ်းနှင့် GTC လမ်းဆုံတွင် ဒေသန္တရလက်လုပ်မိုင်း ၃ လုံး၊ ဘိုးဘွား ရိပ်သာလမ်းနှင့် GTC လမ်းဆုံတွင် ဒေသန္တရလက်လုပ်မိုင်း ၃ လုံး၊ ဆိုင်ကယ်ဘတ္ထရီအိုး ၁ လုံး၊ Radio Control Box ၁ ခု၊ ပေ ၅၀ ခန့်အရှည်ရှိ ဝါယာကြိုး ၂ ချောင်းတို့ဖြင့် ချိတ်ဆက်၍ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထိခိုက် သေကျေပျက်စီးစေရန်အတွက် မိုင်းထောင်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြု လုပ်ရှင်းလင်း ခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ စာသင်ကျောင်းများအား မီးလောင်ပျက်စီးစေရန် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။