မြန်မာနိုင်ငံသည် တစ်ချိန်သောကာလက အားကစားဖြင့် မြန်မာ့ဂုဏ်ရောင်မြင့်မားခဲ့သည်။ မြန်မာတစ်မျိုးသားလုံးသည် မြန်မာ့ရိုးရာအားကစားကို တန်ဖိုးထားပြီး အားကစားဖြင့် ရွှေရောင်လွှမ်းသောခေတ်ကာလများကို ဖြတ်သန်းခဲ့ရဖူးသည်။ သို့သော် ခေတ်ကာလ ပြောင်းလဲလာသည့်အလျောက် မြန်မာ နိုင်ငံ၏ အားကစားကဏ္ဍအမျိုးမျိုး ဖွံ့ဖြိုးတိုးတက်မှု အားနည်းလာသည်ကိုတွေ့ရသည်။ ထို့ကြောင့် မြန်မာ့အားကစားကဏ္ဍအသီးသီး ပြန်လည် ဦးမော့လာရေး အတွက် နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ပေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၆ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏအားကစားရုံတွင် “အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် အားကစားနှင့် ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အားနည်းလျက် ရှိသည်ကို အဆင့်အတန်းတစ်ခုသို့ ပြန်လည်ရောက်ရှိရေးအတွက် အခြေခံကျကျ စဉ်းစား ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားထားသည်။ ကျဆင်းနေသော အားကစားကဏ္ဍ တိုးတက်ရေးကို ချက်ချင်းဆောင်ရွက်၍ မရနိုင်ဘဲ အဆင့်ဆင့်ပြန်လည်ပြင်ဆင်၍ စနစ်တကျ လုပ်ဆောင်ကြဖို့ဖြစ်သည်။ ဆယ်စုနှစ်တစ်ခုအတွင်း မျှော်မှန်း၍ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာ အောင် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်သည်။ အားကစားကဏ္ဍတွင် နိုင်ငံတကာနှင့်ယှဉ်၍ ဘောလုံးအားကစားနည်းမှာ အဓိကကျသော်လည်း မြန်မာ့ရိုးရာ အားကစား နည်းများ အဆင့်အတန်းမြင့်မားလာရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားရမည်ဖြစ်သည်။
မြန်မာတို့သည် ရိုးရာအားကစားနည်းများကို အစဉ်အဆက်တန်ဖိုးထား လှုပ်ရှားအားပေးခဲ့ကြသည်။ အားကစားသည်လူငယ်များတွင် အခြေခံသည်ဖြစ်၍ လူငယ်လူရွယ်များ အားကစား ဘက်တွင် စိတ်ဓာတ်ထက်သန်ပါဝင်လာအောင် အားပေးမြှင့်တင်ပေးရမည်ဖြစ်သည်။ အခြေခံမှစ၍ အသက်အရွယ်အလိုက်၊ အတန်းလိုက်အားကစားပွဲများကို အခြေခံပညာကျောင်းများမှ အစပြု၍ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် စသည့်အားကစားပြိုင်ပွဲများမှတစ်ဆင့် အရည်အချင်း အရည်အသွေးရှိသော လက်ရွေးစင်အားကစားသမားများကို စိစစ်ရွေးချယ် ထုတ်ဖော်ပျိုးထောင်ပေးသွားရမည်ဖြစ်သည်။
တစ်ချိန်သောအခါက ကျောင်းလက်ရွေးစင်၊ မြို့နယ်လက်ရွေးစင်၊ ခရိုင်လက်ရွေးစင် တိုင်းနှင့်ပြည်နယ် လက်ရွေးစင်များအဖြစ်မှ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာခဲ့သည့် အားကစားသမိုင်းမှတ်တိုင် များရှိခဲ့ဖူးသည်။ ပြည်သူလူထု တစ်ရပ်လုံးမှာ လည်း မြန်မာ့အားကစားကို တစ်ခဲနက်အားပေးခဲ့ကြသည်။ အားကစားစိတ်ဓာတ်သည် မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်ထက်သန်မှုအား အားပေးသည်ကို ကြုံတွေ့ခဲ့ရသည်။ ယခုအခါ အားကစားကဏ္ဍမှေးမှိန်လာသည်နှင့်အမျှ ပြည်သူလူထု၏ စိတ်ဝင်စားမှု၊ အားပေးမှုများလည်း လျော့နည်းလာကာ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်များ လည်း ပါးလျားလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် အားကစားကဏ္ဍ ပြန်လည်မြင့်မားလာရေး၊ မြန်မာ့ရိုးရာအားကစား နည်းများကို လေ့ကျင့်ကစားနိုင်သည့် အခွင့်အရေး၊ မြန်မာ့အားကစားကို အများပြည်သူစိတ်ဝင်စားရေးတို့ကို နိုင်ငံတော်က ဆောင်ရွက်ပေးမည်ဖြစ်၍ ကြိုဆိုရမည်ဖြစ်သည်။ မြန်မာ့အားကစားကဏ္ဍ ပြန်လည်မြှင့်တင် ဖော်ထုတ်ပေး နိုင်ရန်အတွက် လေ့ကျင့်ရေးနှင့်ပြိုင်ပွဲများ ပြုလုပ်ပေးနိုင်ရန် အားကစားကွင်းများ၊ အားကစားရုံများ၊ အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထို့အပြင် အားကစားသမားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတို့အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည် ဖြစ်သည်။ လက်ရှိတွင် လူငယ်လူရွယ်များမှာ အားကစားနှင့်အလှမ်းဝေးပြီး လမ်းမှားသို့ ရောက်ရှိသွား ကြသူများကိုလည်း တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ငယ်ရွယ်စဉ်မှစ၍ အားကစားဘက်တွင် စိတ်ဝင်စားမှုရှိလာရေး၊ မြှင့်တင်ပေးနိုင်ရေးတို့ကို အဆက်မပြတ်ဖန်တီး ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ အားကစားသည် နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အရေးကြီးသောကဏ္ဍဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ခဲ့သည့်အတိုင်း အားကစားကဏ္ဍ မြင့်မားတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အားကစားကို မြှင့်တင်ဆောင်ရွက်ပေးခြင်း သည် ကျန်းမာကြံ့ခိုင်ရေးအပြင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းနှင့် လူငယ်များ၏စိတ်ဓာတ် (Mind Set) ကိုပြုပြင်ပေးခြင်းဖြစ်၍ နောင်လာမည့် ဆယ်စုနှစ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းစေရေး ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။