Skip to main content

လွတ်လပ်သည့် နိုင်ငံဘဝ မဆုံးရှုံးကြစေရေးအတွက် ...

၂၀ရာစု ကမ္ဘာ့သမိုင်းကိုကြည့်လျှင် ကမ္ဘာနှင့်ချီသည့် စစ်ကြီးနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူသား သန်းပေါင်းများစွာ စစ်ပွဲများအတွင်း သေကျေပျက်စီးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွား သည့်အခါ ဝါဒချင်းမတူ ဆန့်ကျင်သည့် မဟာအင်အားကြီးနိုင်ငံနှစ်ခုက ဦးဆောင်သည့် အရှေ့နှင့်အနောက် နိုင်ငံအုပ်စုနှစ်စု တို့အကြား စစ်အေးတိုက်ပွဲဟုခေါ်သည့် အားပြိုင်မှု ဆယ်စုနှစ်များနှင့်ချီ၍ ဖြစ်ပွားခဲ့သည်။ ၂၀ရာစု၏ နောက်ဆုံး ဆယ်စုနှစ်အတွင်း အရှေ့အုပ်စု နိုင်ငံများမှာ စီးပွားရေးအရရော၊ ဝါဒရေးရာအရပါ ပြောင်းလဲလာသည့် ကမ္ဘာ့အခြေအနေများနှင့် လိုက်လျောညီထွေ လိုက်ပါပြောင်းလဲနိုင်စွမ်း ကင်းမဲ့မှုကြောင့် ရှုံးနိမ့်ခဲ့ရပြီးတရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှခြင်းတို့ကို အခြေခံသည့် ဒီမိုကရေစီသို့ ဘက်ပြောင်းခဲ့ကြသည်။

မျက်မှောက်ကာလသည် ၂၁ရာစု၏ တတိယမြောက် ဆယ်စုနှစ်သို့ ဝင်ရောက်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေးမြင်ကွင်းကို ကြည့်လျှင် အုပ်စုဖွဲ့မှု၊ အားပြိုင်မှုတို့က အသစ်အသစ် ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ်နှင့် ဒီမိုကရေစီဟူသော ခေါင်းစဉ်အောက်မှာပင် နိုင်ငံတိုင်းက မိမိတို့၏အမျိုးသား အကျိုးစီးပွားအတွက် ပေါင်းနုတ်မြှောက်စား တွက်ချက်ကာ အုပ်စုများဖွဲ့၍ အားပြိုင်ရုန်းကန် နေကြရခြင်းဖြစ်သည်။ နိုင်ငံချင်းဆက်ဆံရေး တွင် အချုပ်အခြာ အာဏာကိုလေးစားခြင်း၊ တန်းတူရည်တူ ဆက်ဆံခြင်း စသည်တို့မှာ လောကဝက်သဘောအရသာဖြစ်ပြီး အင်အားကသာ အဓိကဖြစ်သည်မှာ ပကတိ အမှန်တရား ပင်ဖြစ်သည်။ ၂၀ရာစုကမ္ဘာ့စစ်ပွဲကြီးများအပြီး ပြောင်းလဲလာသည့် စံနှုန်းများနှင့်တန်ဖိုးများအရ လူသားတို့၏ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေး တို့က ရှေ့တန်းသို့ ရောက်လာသည်။ ကျေးကျွန်ပြုမှု၊ ကိုလိုနီနယ်ချဲ့မှုတို့သည် အတိတ်ကာလက အမှားများအဖြစ် ခဝါချလိုက်ကြပုံလည်းရသည်။ သို့ရာတွင် အင်အားကြီးတို့၏ ဗီဇသဘောမှာ ဖျောက်မရသည့်အလျောက် ဗိုလ်ကျစိုးမိုးရေး ဝါဒနှင့် ကြီးနိုင်ငယ်ညှဉ်းဝါဒတို့က အစားထိုးဝင်ရောက်လာသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် လွတ်လပ်ရေးရရှိခဲ့သည့် တတိယ ကမ္ဘာ့နိုင်ငံငယ်အများစုတို့မှာ ကိုလိုနီအရင်းရှင် နယ်ချဲ့ဝါဒအပေါ် နာကြည်းသည့် စိတ်အခံရှိကြသည့်အလျောက် လက်ဝဲဝါဒများအပေါ် တိမ်းညွှတ်ခဲ့ကြပြီး လွတ်လပ်သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိချိန်တွင် ကွန်မြူနစ်၊ ဆိုရှယ်လစ် စသည့်စနစ်များကို ကျင့်သုံးခဲ့ကြကာ မျက်မှောက်ကာလတွင်မူ ဈေးကွက်စီးပွားရေး စနစ်အပြောင်းအလဲတွင် အောင်မြင်သူများ၊ မအောင်မြင်သူများ၊ အချို့လည်း အရေးနိမ့်နေသော နိုင်ငံများအဖြစ်ဖြင့် ရုန်းကန်နေကြရသည်။ ကမ္ဘာ့နိုင်ငံများစွာတို့မှာ ဆင်းရဲနွမ်းပါးမှု၊ စီးပွားရေး နိမ့်ကျမှု၊ စားနပ်ရိက္ခာမဖူလုံမှု၊ သန့်ရှင်းသော သောက်သုံးရေလိုအပ်မှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ ကပ်ရောဂါများကျရောက်မှု စသည်တို့နှင့် ရင်ဆိုင်နေကြရသည်နှင့် တစ်ချိန်တည်းမှာပင် ကုန်သွယ်မှုဆိုင်ရာ အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အကူအညီနှင့် ချေးငွေစသည့် အခွင့်အလမ်းတို့ အလို့ငှာ အင်အားကြီးနိုင်ငံများနှင့် နောက်လိုက် အုပ်စုနိုင်ငံများတို့နှင့် လိုက်လျောညီထွေစွာ ဆက်ဆံကြရသည်။

ရာစုသစ်တွင် ကိုလိုနီနယ်ချဲ့ဝါဒသည် ၁၉ ရာစုခေတ်ကကဲ့သို့ စစ်သင်္ဘောများဖြင့် အမြောက်ပစ်ဖောက်ဝင်ရောက်လာတော့မည် မဟုတ်တော့။ ကြိုးဆွဲရာ ကရသည့် ရုပ်သေးရုပ်သဖွယ် ဖြစ်အောင် စီးပွားရေး၊ ငွေရေးကြေးရေး၊ အတွေးအခေါ်၊ ယဉ်ကျေးမှု စသည်ဖြင့် ဘက်ပေါင်းစုံမှ လွှမ်းမိုးစေမည်ဖြစ်သလို အင်အားချည့်နဲ့နေစေရေးအတွက်လည်း နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းမှု ကင်းမဲ့နေအောင်၊ စည်းလုံးညီညွတ်မှု ပြိုကွဲနေအောင်၊ တစ်ဦးနှင့်တစ်ဦး သံသယ အငြိုးဖြင့် မုန်းတီးနေအောင်၊ ဘာသာသာသနာ ယဉ်ကျေးမှု ပျက်စီးနေအောင် နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်ကြမည်ဖြစ်သည်။ လွတ်လပ်ပြီးသော နိုင်ငံဘဝ မပျက်စီး မဆုံးရှုံးစေရန်မှာ နိုင်ငံအတွင်း တစ်သွေးတည်း၊ တစ်သားတည်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ကြိုးပမ်းခြင်းဖြင့် အင်အားတောင့်တင်းခိုင်မာစေရန်သာ ဖြစ်ပါကြောင်း။ ။