Skip to main content

တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများ အရည်အသွေးရှိရှိ၊ အရည်အချင်းရှိရှိ တာဝန်ထမ်းဆောင်ကြရန်လို

မန္တလေး ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာဌာန၊ အဖွဲ့အစည်းများတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို က တိုင်းဒေသကြီး  အစိုးရအဖွဲ့အနေဖြင့် အစိုးရအဖွဲ့အစည်းများ၏  လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် တာဝန်ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများသည် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ လည်းကောင်း၊ အုပ်ချုပ်ရေးဦးစီးဌာနမှလည်းကောင်း၊ အခြားသော ဝန်ကြီးဌာနများမှလည်းကောင်း ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရသူများဖြစ်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး နိုင်ငံတော် အစိုးရ၏ယန္တရားများ လည်ပတ်နိုင်ရန် ကြိုးစားဆောင်ရွက်ရန်နှင့် ပြည်သူ့အသံ နားစွင့်ပြီးကိုယ်ချင်းစာ တရားလက်ကိုင်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း။

တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးအပိုင်းတွင် ဆက်စပ်ပါဝင်နေသော ဥပဒေအရာရှိများ  အနေဖြင့်လည်း တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံပေးခြင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အထွေထွေအကြံပေးခြင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်း ဆောင်ရွက်ခြင်းများတွင် အရည်အသွေးရှိရှိ၊ အရည်အချင်းရှိရှိ တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ ပြစ်မှုကျူးလွန်သူကို  ကျူးလွန်သည့်ပြစ်မှုအရ ငြိစွန်းဥပဒေဖြင့် တရားစွဲတင်ပို့နိုင်ရေး၊ ပြစ်မှုနှင့်ငြိစွန်းခြင်းမရှိသူကို တရား စွဲဆိုခြင်းမပြုမိရေး၊ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်သော အရည်အသွေးရှိရန် ကြိုးစားအားထုတ် ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် စိန်လွင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်တို့ကတရား ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆောင်ရွက်နေမှုများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တရားစီရင်ရေးကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ အဖွဲ့ခေါင်းဆောင် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က မန္တလေးတိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရဲတပ်ဖွဲ့မှူးများက တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး  အပိုင်း ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်