မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် လွတ်လပ်ရေးနှင့်အတူ မြန်မာ့တပ်မတော် ပေါ်ပေါက်လာပြီးနောက် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပြီး ကျူးကျော်သူနယ်ချဲ့ နှင့်ဖက်ဆစ်တို့ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသောအခါ အမျိုးသားခေါင်းဆောင်များ ဦးဆောင်ပြီး တစ်တိုင်းပြည်လုံး စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းဆောင်ရွက်မှုကြောင့် လုံးဝလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာခဲ့သည်။ ။
နိုင်ငံတစ်နိုင်ငံတွင် ဆုံးရှုံးခဲ့သောလွတ်လပ်ရေးကို အချိန်ကာလအတိုင်းအတာ တစ်ခုအတွင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အရယူနိုင်ခဲ့သည်။ နိုင်ငံ၏တည်ရှိ ဖြစ်ထွန်းနေသည့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ရရှိပြီးသောလွတ်လပ်ရေး မဆုံးရှုံးမပျက်ပြားစေရန် အတွက်မူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် စည်းလုံးညီညွတ်မှုတို့ကို ထာဝစဉ်တည်တံ့ခိုင်မြဲနေစေရန် ထိန်းသိမ်း စောင့်ရှောက်ရသည်။ လွတ်လပ်ရေးကိုရရှိရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မပြီးသွားပေ။ ရရှိထားသောလွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လွတ်လပ်ရေးနှင့် ထိုက်တန်သောနိုင်ငံ ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရသည်။
လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်ဖြစ်စေ၊ နိုင်ငံကို တည်ဆောက်ရန်အတွက်ဖြစ်စေ စည်းလုံးညီညွတ်မှုနှင့် ပြည်သူ့စွမ်းအား အထူး လိုအပ်သည်။ ထို့အပြင် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုရှိရန် လိုအပ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် နိုင်ငံတော်၏ ဘုံရည်မှန်းချက်မှာ နယ်ချဲ့ရန်ကို တွန်းလှန်ရေးဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံတော်၏ ဘုံရည်မှန်းချက်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း တည်ဆောက်ရာတွင် အန္တရာယ်အသွယ်သွယ်၊ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ကြရသည်။ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံရေးသမား များက ဆောင်ရွက်ရမည်ဖြစ်သော်လည်း စွက်ဖက်နှောင့်ယှက်မှု၊ တိုင်းပြည် စီမံခန့်ခွဲမှု၊ စည်းလုံးညီညွတ်မှု၊ ရိုးသားဖြောင့်မတ်မှု ချွတ်ယွင်းမှု အမျိုးမျိုးကြောင့် နိုင်ငံကိုမတည်ဆောက်နိုင်ဘဲ ပြည်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲလုအထိ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ပေါ်ရေးအတွက် ပြည်သူများနှင့်အတူ တိုက်ပွဲဝင်ခဲ့သော တပ်မတော်သည် လွတ်လပ်ပြီးခေတ်တွင်လည်း နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် ကာကွယ်စောင့်ရှောက်ခဲ့ရသည်။ ပြည်တွင်းသောင်းကျန်းမှု အန္တရာယ်၊ ပြည်ပကျူးကျော်မှု အန္တရာယ်များကို အသက်၊ သွေး၊ ချွေးပေးဆပ်၍ တွန်းလှန်ကာကွယ်ပေးခဲ့သည်။ ခေတ်အဆက်ဆက် နိုင်ငံရေးအစိုးရလက်ထက်များတွင် ယိမ်းယိုင်ပြိုလဲလုဖြစ်ခဲ့သော နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ နိုင်ငံတော်ပြိုကွဲလုနီးပါး ကျရောက်လာသော အချိန်များတွင် အန္တရာယ်များကို ကာကွယ်ထိန်းသိမ်းကာ အုပ်ချုပ်ရေးတာဝန်များကို ယူခဲ့ရသည်။ နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းလာချိန်တွင်လည်း ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို တာဝန်ယူကာကွယ်ပေးခဲ့သည်။ မြန်မာ့တပ်မတော်သည် ကာကွယ်ရေးတာဝန်သာမက လိုအပ်သည့် အချိန်တွင် အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံအုပ်ချုပ်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံတရား ဥပဒေစိုးမိုးရေးကို ထမ်းရွက်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးရုံနှင့် ကျေနပ်၍မရပေ။ ရရှိပြီးသော လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ ခိုင်မြဲရန်နှင့် လွတ်လပ်ရေးနှင့် ထိုက်တန်သည့် နိုင်ငံတော်ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်သည်။
ယင်းသည် နိုင်ငံတော်တာဝန်၊ နိုင်ငံသားတို့၏တာဝန်၊ အမျိုးသားရေးတာဝန် ဖြစ်သည်။ မျက်မှောက်ကာလသည် ပြည်ပမှ ကျူးကျော်ဝင်ရောက်နိုင်သော အခြေအနေမျိုးမဟုတ်သဖြင့် ပြည်တွင်းရေးကို နည်းအမျိုးမျိုးဖြင့် စွက်ဖက်ခြေရှုပ် သွေးခွဲဖျက်ဆီးနေသောအ ချိန်ကာလဖြစ်ရာ တိုင်းရင်းသားပြည်သူများအနေဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး တိုင်းပြည်မပြိုကွဲအောင် ထိန်းသိမ်း စောင့်ရှောက်ရမည့်ကာလဖြစ်သည်။
သို့ဖြစ်ရာ တပ်မတော်သည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းပြည်မပြိုကွဲမပျက်စီးစေရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေခြင်းသည် အမျိုးသားရေးတာဝန်၊ သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ တိုင်းရင်းသားပြည်သူအပေါင်း တို့အနေဖြင့်လည်း တပ်မတော်နှင့်အတူလက်တွဲ၍ လွတ်လပ်ရေးကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရေး အတွက် သမိုင်းပေးတာဝန်၊ အမျိုးသားရေးတာဝန်များကို ထမ်းဆောင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။ ။