နေပြည်တော် ဒီဇင်ဘာ ၂၀
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည် တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်း ကျောင်း (AERDTC) ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ အပါအဝင် ရောဂါဘယများ တားဆီးကာကွယ်ရေးအတွက် ကိုယ်ခံအား မြှင့်တင်ပေးရန် အာဟာရမျှတ စွာ စားသုံးရေး နှင့် ကိုယ်လက် လှုပ်ရှား အားကစား ဆောင်ရွက်ရေးသည် လိုအပ်ပါကြောင်း၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူမှုဆက်ဆံရေး နယ်ပယ်လည်း ပိုမို ကျယ်ပြန့်လာမည်ဖြစ်ရာ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် ဆက်စပ်နေသည့် ဌာနများအချင်းချင်း၊ ဝန်ထမ်းများ အချင်းချင်းကြားတွင် ခင်မင်ရင်းနှီးမှုများ ဖြစ်ပေါ်လာပြီး လုပ်ငန်းများ ပိုမိုသွက်လက်စွာ ဆောင်ရွက်လာ နိုင်ကြမည် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နေ့စဉ်ရုံးလုပ်ငန်း လုပ်ကိုင် နေကြသည့် နိုင်ငံ ဝန်ထမ်းများ အနေဖြင့် မိမိဝါသနာပါသည့် ကျန်းမာရေး အထောက်အကူပြု အားကစားတွင် ပါဝင်ဆောင်ရွက်နိုင်ကြစေရန် အားကစားနည်း များ အလိုက် ပြိုင်ပွဲများကျင်းပ ပေးနေခြင်းဖြစ်ကြောင်း၊ အနိုင် အရှုံးကို ပဓါနမထားပဲ ကျန်းမာရေး အသိဖြင့် ပါဝင် ယှဉ်ပြိုင်ကြစေ လိုကြောင်း၊ ထူးချွန်သည့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက် လာပါကလည်း မိမိဝန်ကြီးဌာန ကိုယ်စားပြု လက်ရွေးစင် အားကစားသမားများအဖြစ် ဆက်လက်ကြိုးစားနိုင်ရန် ချီးမြှင့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲကို ကျင်းပရာ ဦးစီးဌာနများ နှင့် တက္ကသိုလ်များ ၏ ကိုယ်စားပြု အားကစား အသင်းများ ပါဝင်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
(သတင်းစဉ်)