Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော်   ဒီဇင်ဘာ၂၀

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က ပြည်တွင်း၌ စားသုံးဆီ ထုတ်လုပ် နိုင်မှုပမာဏ ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ်တန်ချိန် ၉ သိန်းကျော် တင်သွင်းနေရပါ ကြောင်း၊ ပြည်တွင်းစားသုံးမှု၊ စက်မှု လုပ်ငန်းသုံးနှင့် ဟိုတယ်ခရီးသွားလုပ်ငန်းများအတွက် စုစုပေါင်း သုံး စွဲမှုတန်ချိန် ၁၁ သိန်းခန့်ရှိရာ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ဧကနှင့် အထွက်နှုန်း ပိုမိုတိုးတက်လာစေရေး၊ ပြည်တွင်း၌ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိလာ စေ‌ရေး၊ ပြည်တွင်းစားသုံးဆီထုတ် လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး နှင့် ဆီထွက် သီးနှံကဏ္ဍ (Supply Chain) တစ်ခုလုံး ဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် ဆီထွက် သီးနှံစိုက် ဧကတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို အကန့်အသတ်ဖြင့် တင်သွင်းခွင့် ပြုနိုင်ရေး မူဝါဒများချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း။

 စားသုံးမှုပုံစံကို ပြောင်းလဲရာတွင် စားသုံးသူ အကာအကွယ်ပေးရေးအစီအစဉ်များ၊ စားသုံးသူ အသိပညာပေး အစီအစဉ်များကို ဦးစားပေး ဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့် စားသုံးဆီများ ဖြန့်ဖြူးရောင်းချနိုင်စေရန် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများကို ကျယ်ကျယ်ပြန့် ပြန့်စိုက်ပျိုးလာစေရန် တောင်သူများကို အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုး သန့်နှင့် စိုက်ဧကများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းအသိပညာပေးခြင်း၊ နည်းပညာများ ပံ့ပိုး‌ပေး ခြင်းစသည့် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ရန် လိုအပ်သလို ကြိတ်ခွဲထုတ်လုပ် သည့် ဆီစက်လုပ်ငန်းရှင်များ အနေ ဖြင့်လည်း စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် အကျိုးတူကန်ထရိုက် လယ်ယာစနစ်ပုံစံမျိုး ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် တက်‌ရောက်လာသူများအနေဖြင့် ဆီထွက် သီးနှံနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဆီထွက်သီးနှံများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ပါက နိုင်ငံ ခြားဝင်ငွေရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၌ စားသုံးဆီ လစဉ် ပျမ်းမျှတန်ချိန် (၁၈၀၀၀) ကျော် ကြိတ်ခွဲထုတ်လုပ်နိုင်သော်လည်း အချို့စက်များမှာရပ်နား ထားခြင်း၊ ကုန်ကြမ်းရရှိမှု နည်းပါးသဖြင့် စက်စွမ်း အားပြည့် လည်ပတ်နိုင်မှုမရှိခြင်းတို့ကို တွေ့ရှိ ရပါကြောင်း၊ နိုင်ငံတော် အနေဖြင့် အရည်အသွေး မီဆီစက်များဖြစ်စေရေးနှင့် ဆီစက်လုပ်ငန်းများ အဓွန့်ရှည်ရေးအတွက် ပံ့ပိုးကူညီနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ဆီစက်များ စက်စွမ်းအားပြည့် လည်ပတ်နိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည် ဖြစ်သည့်အပြင် ဆီထွက် သီးနှံများကို တိုးချဲ့စိုက်ပျိုး၍ ပြည်တွင်းစားသုံးဆီလိုအပ်ချက် ပြည့်မီ အောင် ထုတ်လုပ်နိုင်ပါက နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်မည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်‌ရောက်လာကြသည့်သက်ဆိုင်ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ် များ၊ စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်း တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ပြည်ပမှ စားသုံးဆီတင်သွင်းမှု၊ ဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေနှင့် ဆီထွက်သီးနှံများကို ပြည်ပတင်ပို့မှု ၊ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်ချက်များ၊ အကြံပြုသုံးသပ်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)