Skip to main content

လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် လျှပ်စစ်မီး အဆင့်မြှင့် ထွန်းညှိပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၉

လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိ ပူဇော်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်၊ ချမ်းသာကြီး တန်ဆောင်းအနီး အောင်မြေ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး တို့က ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်လျှပ်စစ်မီး အဆင့်မြှင့် ထွန်းညှိပူဇော်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ အမှာစကားပြော ကြားကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးက ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည်လျှပ်စစ်မီး အဆင့်မြှင့်ထွန်းညှိပူဇော် ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဦးအောင်သန်းဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကောင်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုးနှင့် တာဝန်ရှိသူများက လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် လျှပ်စစ်မီး အဆင့်မြှင့် ထွန်းညှိပူဇော်ထားရှိမှုကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီးအား လျှပ်စစ်မီးအဆင့်မြှင့် ထွန်းညှိထားမှုကို လှည့်လည်ဖူးမျှော် ကြည်ညိုကြသည်။

ယခင်က ရွှေတိဂုံစေတီတော်လုံးတော်ပြည့် မီးသုံးစွဲမှုပမာဏမှာ (၁)ရက်လျှင် ၁၃၅၉ Units (Kwhr) သုံးစွဲလျက်ရှိရာမှ လုပ်ငန်းများပြီးဆုံးချိန်တွင် မီးသုံးစွဲမှုပမာဏ ၇၇၃ Units (Kwhr)သို့ လျှော့ချနိုင်မည်ဖြစ်၍ ၅၈၆ Units (Kwhr) လျော့နည်းသွားသည့်အတွက် တစ်နှစ်လျင် မီတာခ ကုန်ကျငွေကျပ် ၂၇၂ သိန်းကျော် သက်သာလာမည်ဖြစ်ပြီး စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်အလင်းရောင်မှာလည်း ယခင်ကထက်(၃)ဆ  ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် လျှပ်စစ်မီး အဆင့်မြင့်ထွန်းညှိပူဇော်ခြင်း လုပ်ငန်း တစ်ရပ်လုံးအား Lighting Specialist Co;Ltd (Krislite) ကုမ္ပဏီမှ လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်း တစ်ရပ်လုံး ၉၅ ရာခိုင်နှုန်း ပြီးစီးချိန်တွင် နောင်တော်ကြီးစေတီ လျှပ်စစ်မီးအလင်းရောင်မှာ မှေးမှိန်နေသဖြင့် ထွန်းညှိပူဇော်နိုင်ရန်  မီးတိုင်(၄)တိုင်ဖြင့် စိန်ဖူးတော်နှင့် ငှက်မျက်နားတော် ကို High Power (35.7W) LED Flood Light (၄)လုံး၊ ထီးတော်နှင့်ပန်းစွဲအထိ High Power (460 W) LED Flood Light (၄)လုံး ခေါင်းလောင်းအောက် အရံစေတီ ဖိနပ်တော်နှင့် ရင်ပြင်တော်တို့တွင် High Power (380W) LED Flood Light (၄)လုံး တို့ကို တပ်ဆင်ခဲ့ပြီး လုပ်ငန်းအားလုံး (၁၀၀) ရာခိုင်နှုန်း ပြီးစီးအောင်မြင်ပြီဖြစ်၍ နတ်တော်လပြည့်နေ့ အခါသမယတွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)