Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် စစ်တွေမြို့ပေါ်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ကလေးပြုစုရေးဌာန၌ ကလေးငယ်စုစုပေါင်း (၃၃)ဦးကို စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကာ ကလေးငယ်များအတွက် မုန့်များပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အိမ်တွင်းမှုသက်မွေး အတတ်ပညာသင် ကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းများတွင် ပို့ချလျက်ရှိသည့် သက်မွေးပညာရပ်များနှင့် လက်တွေ့ နယ်ပယ်တွင် ယခုထက်ပိုမိုထိရောက် အကျိုးရှိသည့် ပညာရပ်များကို ကျွမ်းကျင်သူများ၏ အကူအညီရယူ၍ နည်းစနစ်တကျတစ်ဆင့်ချင်း ပြောင်းလဲတိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်နယ်လူမှုဝန်ထမ်းရုံး၌ စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မူဝါဒများဖြစ်သော ထိရောက်သော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု၏ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်း ရှိသော လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်လာစေရေး စသည့်လုပ်ငန်းစဉ် များ ပေါက်မြောက်အောင်မြင် နိုင်ရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ၊ ကာကွယ် စောင့်ရှောက်ရန်လိုအပ်သည့် ထိခိုက်လွယ်အုပ်စုဝင်များအား ပံ့ပိုးကူညီ ဆောင်ရွက်သွားမည့် အခြေအနေ၊ ဝန်ကြီးဌာန၏ ပင်မလုပ်ငန်း တာဝန်ဖြစ်သော ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်များအတွက် ကာကွယ်စောင့်ရှောက်ပေးနေမှု၊ ပံ့ပိုးကူညီပေးနေမှုကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဝန်ထမ်းများက တင်ပြလိုသည့် အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ (၁၇)ရက် ညနေပိုင်းတွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ပြည်နယ်ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ ရိပ်သာအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အဘိုးအဘွားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ၂၀၂၁-၂၀၂၂ (၆လ ဘတ်ဂျက်)အတွက် ထောက်ပံ့ငွေကျပ် ၃၄၁၄၀၀၀- ကို ဂေဟာမှူး  ထံသို့ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ (၁၈)ရက် ညနေပိုင်းတွင် စစ်တွေမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံသို့ ရောက်ရှိပြီး သိုလှောင်ရုံထိန်းသိမ်းရေး လက်စွဲအတိုင်း ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးနှင့် ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများ သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ရမည့်အချက်များကို ဖြည့်စွက်မှာကြား ခဲ့သည်။

(သတင်းစဉ်)