Skip to main content

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်ဆောင်ရွက်ခဲ့သည့် ပညာရှင်များနှင့် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၁၈

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ ဗဟိုကော်မတီဝင် ဦးခင်မောင်ကျော်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)မှတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် သည်။

ရှေးဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံး စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးစသည့် အခက်အခဲပေါင်းစုံ ရင်ဆိုင်နေကြရပြီး မည်ကဲ့သို့ ကျော်လွှားနိုင်မည်ကို တစ်နိုင်ငံချင်းသော်လည်းကောင်း၊ နိုင်ငံအများ စုပေါင်း၍သော်လည်းကောင်း အဖြေရှာပြီး ဖြေရှင်းနေကြ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အချိန်မီကုစားနိုင်မည့် အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ကို ထုတ်ပြန်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ အပေါ် သက်ရောက်မှုများကို ဖြေလျှော့ပေးသည့်အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီမှ ထိခိုက်နိုင်သည့် စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာစွာဖြင့် ကိုဗစ်-၁၉ ချေးငွေအဖြစ် လုပ်ငန်းပေါင်း (၆၃၃၃)ခုကို ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း၊ MSME  လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လက်တွေ့ကျသော လုပ်ငန်းစဉ်များဖြင့် အချိန်တိုအတွင်း ထိရောက်သော အကျိုးရလဒ်များ ထွက်ပေါ်လာရေး ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ခဲ့သည့် ယခင်အတွေ့အကြုံများအပေါ် အခြေခံပြီး ဆက်လက်ဆောင်ရွက်သင့် သည့် လုပ်ငန်းစဉ်များကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှု၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု အဖွဲ့များဖြစ်သည့် ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့၊ လုပ်ငန်းသုံးသပ်ရေးနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့၊ အေဂျင်စီများ ပြန်လည်ဖွဲ့စည်းနိုင်ရေး ကိစ္စ၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စက်မှုဝန်ကြီးဌာနမှ ဦးစီးဌာနနှင့် စက်ရုံများ၏ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေနှင့် ကုန်ကြမ်းလို အပ်မှုအခြေအနေ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို ဆွေးနွေးပြောကြားရာ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်က စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် အစွမ်းကုန်ကူညီ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်အတူ မှန်ထုတ်လုပ်ရေး ဌာနခွဲ(ပုသိမ်)သို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူများကို လိုအပ်အပ်များမှာကြားကာ စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)