Skip to main content

(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန (သံတွဲ) အဆောက်အအုံသစ်ဖွင့်လှစ်

လူထုအခြေပြု ဗဟိုဌာနများသည် လူငယ်များတွေ့ဆုံရန် အသင့်တော်ဆုံးနေရာဖြစ် အနာဂတ် တွင် လူငယ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်သည့် နေရာတစ်ခုဖြစ်လာမည်ဟု ယုံကြည်

သံတွဲ ဒီဇင်ဘာ ၁၇

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သံတွဲမြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ် ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် အဆိုပါအဆောက်အအုံသစ်ရှေ့၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ  တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးခေါင်းဟာ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် မြို့မိ မြို့ဖ ဦးဖိုးရီအောင်တို့ကလူထုအခြေပြု  ဗဟိုဌာန အဆောက်အအုံသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်  လှစ်ပေးပြီးစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

လှည့်လည်ကြည့်ရှု အားပေး

ထို့နောက် လူထုအခြေပြု ဗဟိုဌာနအတွင်း ခင်းကျင်းပြသထားရှိသည့် ပြတိုက်ငယ်မှ ရခိုင် ပြည်နယ်အတွင်းရှိ ထူးချွန်ထင်ရှားပုဂ္ဂိုလ်များ၊ ရိုးရာပွဲတော်များ၊ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေနှင့် အထင်ကရ ဘုရားစေတီပုထိုးများ အပါအဝင် သာယာလှပသော ရှုခင်းနှင့် ကမ်းခြေများ၏ မှတ်တမ်းဓာတ်ပုံများ၊ ရခိုင်ပြည်နယ်၏ ဒေသထွက်ကုန်များ၊ ရိုးရာယဉ်ကျေးမှု အနုပညာ လက်ရာများအား ခင်းကျင်းပြသထားသည့် ပြတိုက်ငယ်ကို လည်းကောင်း၊ ကလေးစာဖတ်ခန်း၊ ကလေးကစားခန်း၊ အနုပညာခန်းနှင့် ပြည်သူ့ စာကြည့်တိုက်၊ ကွန်ပျူတာ သင်တန်းခန်းမ၊ အားကစားခန်းမ၊ ဆွေးနွေးပွဲခန်းမနှင့် ဘက်စုံသုံး ခန်းမတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က သံတွဲခရိုင်၊ လူထုအခြေပြု ဗဟိုဌာနသည် ရခိုင်ပြည်နယ်တွင် ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် လူထုအခြေပြု ဗဟိုဌာနဖြစ်၍ များစွာဂုဏ်ယူဝမ်းမြောက်မိ ကြောင်း၊ ရခိုင်ပြည်နယ်နေ့ အချိန်အခါသမယတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့်လည်း ရခိုင် ပြည်နယ်နေ့ကို ဂုဏ်ပြုဖွင့်လှစ်ခဲ့ခြင်းဟု  ဆိုနိုင်ပါကြောင်း။

ဒေသတစ်ခုတွင် ပြည်သူများ စုပေါင်းတွေ့ဆုံရာ၊ ဆွေးနွေးဖလှယ်ရာ၊ နှီးနှောတိုင်ပင်ရာ စသည့် ရပ်ရွာအကျိုး၊ တိုင်းပြည်အကျိုး ဆောင်ရွက်မှုများအတွက် လူထုအခြေပြု ဗဟိုဌာနများသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ဆွေးနွေးပွဲခန်းမ၊ ဘက်စုံသုံးခန်းမများ ပါဝင်သဖြင့် လူကြီး/လူငယ် မရွေး ရပ်ရွာအကျိုး၊ ဒေသအကျိုးအတွက် စုပေါင်းတိုင်ပင်ဆွေးနွေးနိုင်သလို ကွန်ပျူတာသင်တန်းခန်းမနှင့် အနုပညာခန်းမများ ပါဝင် သဖြင့် လူငယ်များအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် နည်းပညာဆိုင်ရာ သင်တန်းများ၊ ဘာသာစကား သင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ အနုပညာသင်တန်းများ ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး သင်ကြားတတ်မြောက်သည့် အသိပညာ၊ အတတ်ပညာများဖြင့် မိမိဒေသ အကျိုးစီးပွားကို ပြန်လည်ဖော်ဆောင်ပေးနိုင်မည် ဟု ယုံကြည်ပါကြောင်း၊ သံတွဲဒေသခံပြည်သူများနှင့် မြို့မိမြို့ဖ များအနေဖြင့်လည်း မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏စေတနာနှင့် ဝန်ကြီးဌာန၏ ဆောင်ရွက်ပေးမှု အပေါ်သိရှိပြီး ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း ပြောကြားသည်။

ပြုပြင်ပြောင်းလဲ  ဆောင်ရွက်ပေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အဓိကလုပ်ငန်း တာဝန်ကြီးသုံးရပ်ဖြစ်သည့် သတင်း အချက်အလက်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းနှင့် ဖျော်ဖြေပေးခြင်းဟူသည့် လုပ်ငန်းများကို ခေတ်မီသစ်လွင်သော အစီအစဉ်များဖြင့် ပြုပြင် ပြောင်းလဲ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ပြည်သူ့စာကြည့်တိုက်များ ဖွင့်လှစ်၍ ပြည်သူများ သတင်းအချက်အလက် ရရှိနိုင်ရန်နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့စာကြည့်တိုက်များကို ပြည်သူများ အသိပညာရှာမှီးရာနေရာ၊ သတင်းအချက်အလက် ရှာဖွေရာနေရာ၊ တိုင်းကျိုး ပြည်ကျိုး၊ ရပ်ကျိုး ရွာကျိုးများ ဆွေးနွေးတိုင်ပင်ရာ နေရာ၊ ပြည်သူများ အပန်းဖြေရာ နေရာများ ဖြစ်အောင် လူထုအခြေပြု ဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပေါင်းကူးတံတားတစ်ခု

သံတွဲခရိုင်လူထုအခြေပြုဗဟို ဌာနအဆောက်အအုံကို နိုင်ငံတော်ဘဏ္ဍာငွေကျပ် ၄၆၄ သန်း ကျော်ဖြင့် တည်ဆောက်ပေးခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်သိန်း ၂၂၀ တန်ဖိုးရှိ ပစ္စည်းများ ဖြည့်ဆည်းလှူဒါန်းပေးခဲ့သည့်အတွက် ယခုကဲ့သို့ ခမ်းနားစွာ တည်ဆောက်ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း၊ လူထုအခြေပြု ဗဟိုဌာနများသည် လူငယ်များတွေ့ဆုံရန် အသင့်တော်ဆုံးနေရာဖြစ်ပြီး လူငယ် Network ကျယ်ပြန့်လာသည်နှင့်အမျှ စုစည်းညီညွတ်မှုနှင့် စုပေါင်း ဆောင်ရွက်မှု အားကောင်းကာ အနာဂတ်တွင် လူငယ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်သည့် နေရာတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် ကောင်းမွန်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အစိုးရနှင့်ပြည်သူများကြား  ပေါင်းကူးတံတား တစ်ခု ဖြစ်လာ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ကျေးဇူးတင်စကားပြောကြား

ထို့နောက် ရခိုင်ပြည်နယ်  အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အမှာစကားပြောကြားပြီး သံတွဲမြို့ မြို့မိမြို့ဖ ဦးထွန်းသန့်ကျော်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သံတွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ဖမ်းယူကြည့်ရှု နိုင်ရန်အတွက် MRTV DVB-T2 Set Top Box အလုံး ၅၀၀ ကို  ပေးအပ်လှူဒါန်းရာ သံတွဲခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းက လက်ခံရယူပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က သံတွဲခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာစောင် များကို ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သံတွဲခရိုင် ဦးစီးမှူး က လက်ခံရယူသည်။

အခမဲ့အသုံးပြုနိုင်

ယခုဖွင့်လှစ်သည့် လူထုအခြေပြုဗဟိုဌာန အဆောက်အအုံသည် နိုင်ငံတော်ငွေဖြင့် တည်ဆောက်သည့် ဒုတိယမြောက် အဆောက်အအုံဖြစ်ပြီး ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ ကလေးကစားခန်း အနုပညာခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ကွန်ပျူတာသင်တန်းခန်းမ၊ အစည်းအဝေးခန်းမ၊ အားကစားခန်းမနှင့် ဘက်စုံသုံးခန်းမများ ပါဝင်ကာ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် သံတွဲမြို့ သာသနာ့ဗိမာန်၌ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သံတွဲမြို့ရှိ ဆံတော်၊ အံတော်၊ နံတော် စေတီတော် များအား လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး သံတွဲမြို့ရှိ  ရွှေဝတီရခိုင်လုံချည်နှင့် ဝါးစားပွဲခင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သတင်းစဉ်