နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေကြသူများအား နိုင်ငံ့ဝန်ထမ်းဟု ခေါ်ဆိုကြပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အတွက် ကြိုးပမ်း ထမ်းရွက်ကြသည့် အမှုထမ်းများဖြစ်သည်။ နိုင်ငံတော်၏တာဝန်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်အကျိုးစီးပွားနှင့် အများပြည်သူ အကျိုးစီးပွား တို့ဖြစ်သည်။ ဝန်ထမ်းတစ်ယောက်သည် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း အစိုးရအဆက်ဆက် ပြောင်းသော်လည်း တိုင်းပြည်အကျိုးကို ဦးလည်မသုန် ထမ်းဆောင်ခဲ့ကြသူများ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကြောင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲဖြစ်ပေါ်ခဲ့ရာ CRPH၊ NUG အကြမ်းဖက် အဖွဲ့တို့သည် နိုင်ငံ အုပ်ချုပ်ရေးယန္တရား မလည်ပတ်စေရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး တိုင်းပြည် ပျက်စီးစေရေးရည်ရွယ်ချက်ဖြင့် ပြည်တွင်းမှ PDF အကြမ်းဖက်သမားများအား သွေးထိုးလှုံ့ဆော် မြှောက်ပင့်ထောက်ပံ့ပေးပြီး EAO လက်နက်ကိုင်အဖွဲ့အချို့နှင့် ပူးပေါင်းကာ အဖျက်လုပ်ရပ်များ လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
CRPH၊ NUG အကြမ်းဖက်အဖွဲ့က သွေးထိုးလှုံ့ဆော် အားပေးထောက်ပံ့ထားသည့် PDF အကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ် အချို့တွင် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူ အချို့အား အကြောက်တရား လွှမ်းမိုး စေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသား စွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက် ရှိသည့် နိုင်ငံဝန်ထမ်းများ တာဝန်မထမ်းဆောင်နိုင်အောင်လည်းကောင်း လက်နက်အားကိုးဖြင့် ခြိမ်းခြောက်နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။
အကြမ်းဖက်အဖျက်သမားများသည် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေခြင်း၊ CDM ပြုလုပ်ခြင်းတွင် မပါဝင်ဘဲ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို တာဝန်ကျေပွန်စွာ သယ်ပိုးထမ်းဆောင်လျက်ရှိသော ဝန်ထမ်းအချို့အား ခြိမ်းခြောက်နှောင့်ယှက်သတ်ဖြတ်ခြင်း၊ အစွန်းရောက်နိုင်ငံရေးသမား၊ အကြမ်းဖက် သမားများနှင့် အမြင်အယူအဆမတူဘဲ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများအား သူလျှို၊ ဒလန်၊ သတင်းပေးဟု စွပ်စွဲကာ တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာလုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရသည်။
နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအနက် ဝေးလံသော ကျေးလက်တောရွာဒေသများနှင့် နယ်စပ်ဒေသများ တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ပင်ပန်းဆင်းရဲအနစ်နာခံကာ ဆောင်ရွက်ကြရသူများဖြစ်၍ ဂုဏ်ယူလေးစားထိုက်သူများဖြစ်သည်။ အထူးသဖြင့် ကျေးလက် ဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများသည် ဝေးလံသောဒေသများမှ တိုင်းရင်းသားပြည်သူများအကျိုးကို ကိုယ်ကျိုးမဖက် စေတနာ သက်သက် ဆောင်ရွက်ပေးနေကြသူများဖြစ်သည်။ ယခုအခါ အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများသည် “ကြွက်မနိုင် ကျီမီးရှို့”သည့်လုပ်ရပ်များ လုပ်ကိုင်လာကြသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်နေ သူနာပြု ဆရာမတစ်ဦး သတ်ဖြတ်ခံရခြင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေစဉ် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပင်လည်ဘူးမြို့နယ်၌ ကျောင်းဆရာ တစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ ထိုနေ့တွင်ပင် ဖလမ်းမြို့နယ်၌ ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးအား သေနတ်နှင့်ပစ်ခတ်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ ထိုနေ့တွင်ပင် ကွတ်ခိုင်မြို့နယ်၌ ကျေးရွာတွင် တိုင်းရင်းသားပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးသော မြို့နယ်ဆရာဝန်ကြီးအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းတို့ကို အကြမ်းဖက် အဖျက်သမားများ ပြုလုပ်ခဲ့ကြသည်။
အကြမ်းဖက်အဖျက်သမား၊ သောင်းကျန်းသူများ၏ ရက်စက်ယုတ်မာမှုများသည် နိုင်ငံ၏ အကျိုးစီးပွားသာမက တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားများ ကိုပါ ထိခိုက်နစ်နာ ခဲ့ကြသည်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဘက်ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများသည် ဒေသခံတိုင်းရင်းသား ပြည်သူများအကျိုးအတွက် စေတနာရှေ့ထား အနစ်နာခံဆောင်ရွက်နေကြသူများ ဖြစ်သည်။ သို့ဖြစ်ရာ တိုင်းပြည်အတွက်လည်း အကျိုးဆုတ်ယုတ်၊ တိုင်းရင်းသားပြည်သူများလည်း ထိခိုက်နစ်နာအောင် ပြုလုပ်ခဲ့သည့် အကြမ်းဖက်အဖျက်သမားများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြရမည် ဖြစ်ပါကြောင်း။ ။