Skip to main content

စိတ်ရင်းအမှန်၊ ထက်သန်သောဆန္ဒ

ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှနယ်ချဲ့လက်အောက်မှ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ လွတ်လပ်ရေး ရယူခဲ့ရာတွင် အိန္ဒိယသည် ကိုးကွယ်ရာဘာသာ အယူဝါဒကိုလိုက်၍ နိုင်ငံသုံးနိုင်ငံအဖြစ် ခွဲခြားခံ လိုက်ရသည်။ အိန္ဒိယ၊ အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်ဟူ၍ဖြစ်ပြီး အရှေ့ပါကစ္စတန် သည် နောက်ပိုင်း၌ ဘင်္ဂလားဒေ့ရှ် ဖြစ်လာသည်။ မြန်မာနိုင်ငံကိုလည်း ပြည်မနှင့် တောင်တန်း ဒေသများအဖြစ် ခွဲခြားခဲ့ရာတွင် မြန်မာတိုင်းရင်းသားတို့က ခွဲခြားမခံ။ တစ်စည်းတစ်လုံးတည်း လွတ်လပ်ရေး ရယူခဲ့သည်။ သို့ရာတွင် နယ်ချဲ့တို့၏ပရိယာယ်ကြွယ်ဝလှသော၊ ပညာပါလှသော သွေးခွဲမှုများက တိုင်းရင်းသား တို့အကြားတွင် သံသယနှင့် မယုံသင်္ကာစိတ်တို့ကို တစ်စတစ်စ ကြီးထွားစေခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် လွတ်လပ်ရေးရပြီးကာလနှင့် မျက်မှောက်ခေတ်အထိ လက်နက်ကိုင်ပဋိပက္ခတို့ကို ဖြစ်ပေါ်စေခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး လပိုင်းမျှအကြာ ၁၉၄၈ ခုနှစ် မတ်လတွင် ဗမာပြည် ကွန်မြူနစ်ပါတီက ဝါဒရေးအရ အစိုးရကိုဆန့်ကျင်ကာ တောခိုခြင်းဖြင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတို့ စတင်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာမူ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးဆက်များဖြစ်သည့် လူမျိုးရေးအရ မယုံသင်္ကာမှု၊ ဖွံ့ဖြိုးတိုးတက်မှုမညီမျှဘဲ နိမ့်ကျခဲ့ရမှုတို့အပေါ်တွင် အခြေခံသည်။ ၎င်းလက်နက်ကိုင်အဖွဲ့အစည်းများက အစိုးရကို ဆန့်ကျင်ခြင်းဖြင့် တပ်မတော်နှင့် ရင်ဆိုင်တိုက်ခိုက်ကြရသည်။ စင်စစ်အားဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်အကျိုးစီးပွားတို့ကို ကာကွယ်ရခြင်းက တပ်မတော်၏ တာဝန်တစ်ရပ်ပင် ဖြစ်သည်။ ခေတ်အဆက်ဆက် အစိုးရများ အနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ကြပြီး ငြိမ်းချမ်းရေးရယူခဲ့သည့် အဖွဲ့အစည်းများ ရှိခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခတို့ ယနေ့တိုင် ချုပ်ငြိမ်းမှု မရှိသေး။

ပါတီစုံဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့်ခေတ်တွင်မူ နိုင်ငံရေးကို လက်နက်ကိုင် တိုက်ခိုက်မည့် အစား စားပွဲဝိုင်းတွင် ဆွေးနွေးကြရန် လမ်းစဖြစ်ပေါ်လာသည်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးကာ စားပွဲဝိုင်း ဆွေးနွေးပွဲများမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး စိတ်တူကိုယ်တူ တညီတညွတ်တည်းတည်ဆောက်နိုင်ရန် လမ်းပြမြေပုံလည်း ပေါ်ပေါက်ခဲ့သည်။ NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်သက်သက်မျှသာ မဟုတ်ဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး အတွက် နက်ရှိုင်းကျယ်ပြန့်သည့် သဘောတရားများ ပါဝင်သည်။ လက်နက်ကိုင်လမ်းစဉ် မစွန့်လွှတ်၊ မချုပ်ငြိမ်းသရွေ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတို့မှာ ခက်ခဲနေဦးမည်ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝမြင့်မားရေး တို့သည်လည်း အလှမ်းဝေးနေဦးမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှုလျော့နည်းသည်နှင့်အမျှ ပြည်ပစွက်ဖက်မှုများ ပိုမို၍လက်ရဲ ဇက်ရဲဖြစ်လာကာ ပြည်တွင်း ပဋိပက္ခနွံတွင်းမှ ထာဝရမတက်နိုင်သည့်ဘဝ ကျရောက်သွားမည်ဖြစ်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့တို့ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး၊ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းက တိုင်းရင်းသားပြည်သူတို့၏ မျှော်လင့်ချက်များကို ရှင်သန်စေသကဲ့သို့ အကျိုးဆက်ရလဒ်ကောင်းများ ဆက်လက်ဖော်ဆောင် သွားကြမည်ဟု ယုံကြည်သည်။ ငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာမှန်နှင့် ထက်သန်သော ဆန္ဒတိုဖြင့် ကြိုးပမ်းဆောင်ရွက်ကာ ကမ္ပည်းမော်ကွန်း ရေးထိုးနိုင်ကြပါစေကြောင်း။ ။