Skip to main content

ခရီးသွားလုပ်ငန်းဘေးကင်းလုံခြုံရေးဆိုင်ရာ စက္ကူဖြူစာတမ်း မိတ်ဆက်ခြင်း အစီအစဉ် ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၆

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ   (AUDA-NEPAD) နှင့် အနောက်အာဖရိက စီးပွားရေးနှင့်ငွေကြေးဆိုင်ရာပူးပေါင်းမှုအဖွဲ့ (UEMOA) တို့ ပူးပေါင်းဆောင်ရွက်သည့် ခရီးသွားလုပ်ငန်းဘေးကင်းလုံခြုံရေးဆိုင်ရာ စက္ကူဖြူ စာတမ်း မိတ်ဆက်ခြင်းအစီအစဉ် (Launching Of the White Paper on Safety and Security in Tourism) ကို ဒီဇင်ဘာ ၁၅ ရက်က Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်       Mr. Zurab Pololikashvili အာဖရိကဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AUDA-NEPAD) အမှုဆောင်အရာရှိချုပ် Dr. Ibrahim Assane Mayaki နှင့် အနောက်အာဖရိကစီးပွားရေးနှင့် ငွေကြေးဆိုင်ရာပူးပေါင်းမှုအဖွဲ့ (UEMOA) ကော်မရှင်ဥက္ကဋ္ဌ Mr.  Abdoulaye Diop တို့က အဖွင့်အမှာစကား ပြောကြားသည်။

အထွေထွေအတွင်းရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် အဆိုပါစာတမ်းသည် နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်နိုင်ရေး၊ နိုင်ငံတကာဝင်ပေါက်များ ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့် ဘေးကင်းလုံခြုံသောခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် လုပ်ငန်း လမ်းညွှန်ချက်များဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ခရီးသွားလုပ်ငန်းပြန်လည် ဖွင့်လှစ်ရာတွင် ဘေးကင်းလုံခြုံရေးအတွက် အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်ဒေသများတွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု (Crisis Management) အတွက်လည်း အထောက်အကူပြုပါကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍကို ပြန်လည် ထူထောင်ရာတွင် ကြံ့ကြံ့ခံနိုင်သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးအတွက် စာတမ်းပါ လမ်းညွှန် ချက်များက အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် လာမည့် ၂၀၂၂ ခုနှစ်တွင် အဆိုပါစာတမ်းအား လက်တွေ့အကောင်အထည်ဖော်မှုဆိုင်ရာ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို Online Offline များဖြင့် ပြုလုပ်ရန်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ International Affairs at Amarante International မှ ဒုတိယဥက္ကဌ   Mr. Didier Ranchon က စက္ကူဖြူစာတမ်းကို ရှင်းလင်းတင်ပြခဲ့ပြီး လက်တွေ့အသုံးပြုနိုင်မည့် အချက်အလက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အာဖရိကဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Elcia Grandcourt က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါစာတမ်းကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် နိုင်ငံတကာမှကျွမ်းကျင် ပညာရှင်များက အာဖရိကနှင့် မော်ရိုကို မောရစ်သျှ မက္ကဆီကို ဖိလစ်ပိုင် ပေါ်တူဂီ ဆီနီဂေါ သီရိလင်္ကာ နှင့် တူနီးရှား စသည့်နိုင်ငံများတွင် ကွင်းဆင်းစစ်တမ်းကောက်ခံမှုများ ပြုလုပ်ခဲ့ကြပြီး ရရှိလာသည့် ရလဒ်များကိုအခြေခံ၍ အဖွဲ့ဝင်နိုင်ငံများအတွက် ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများနှင့် လမ်းညွှန်ချက်များကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများအတွက် ရည်ရွယ်ကြောင်းနှင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများအနေဖြင့် ဘေးအန္တရာယ်ကာကွယ် ထိန်းသိမ်းရေး အစီအမံများ ရေးဆွဲရာတွင် အထောက်အကူရရှိစေရန် ရည်ရွယ်ရေး ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွှဲပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ PARKROYAL Hotel အစည်းအဝေးခန်းမ၌ နိုင်ငံတော် ဧည့်ဂေဟာဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း (၇၇) နိုင်ငံများမှာသာမက ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံ အချို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ဖြစ်ပွားလျက်ရှိသည်။ တွေ့ရှိရသဖြင့် သတိပြုရန်လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအား တစ်ဦးချင်း လိုက်နာထိန်းသိမ်း ဆောင်ရွက်မှသာ ကျော်လွှားနိုင်မည်ဖြစ် သည့်အတွက် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်ရှိ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးအသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်းလိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ထို့ပြင် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဆောင်ရွက်မည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ Mini Gems Emporium နှင့် ဆက်စပ်၍ လာရောက်တည်းခိုမည့် ဧည့်သည်များကို လက်ခံဆောင်ရွက်မည့် ဟိုတယ်များအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်များအား တိကျစွာ လိုက်နာလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်များအနေဖြင့် ကိုဗစ်-၁၉ Safe Services ဖြစ်သည့် အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်များအား လျှောက်ထားရယူနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)