Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကို “စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်" ဇာတ်တော်ကြီးဝတ်စုံပြည့် လေ့ကျင့်ဇာတ်တိုက်နေမှုကို ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၁၁

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများသည်  ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် “စောင့်စည်း အာရုံမြတ်သည့်ဂုဏ်” ဇာတ်တော်ကြီး ဝတ်စုံပြည့်ဇာတ်တိုက် လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝတ်စုံပြည့် လေ့ကျင့်ဇာတ်တိုက်မှုအပေါ် လိုအပ် သည်များ အသေးစိတ်မှာကြားပြီး “စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်” ဇာတ်တော်ကြီးအဖွဲ့ကို ဂုဏ်ပြု ချီးမြှင့်ငွေ ဆယ်သိန်းကျပ် ပေးအပ်သည်။

“စောင့်စည်းအာရုံ မြတ်သည့်ဂုဏ်” ဇာတ်တော်ကြီးတွင် အဓိကဇာတ်ဆောင်များဖြစ်သည့် ဥဇ္ဇေနီဘုရင်အဖြစ် အနုပညာဦးစီးဌာနမှ ကျွမ်းကျင်(၁)(အဆိုအက) ဦးဝင်းမင်းဌေး(တက္ကသိုလ် အားမာန်)၊ စိတြလုလင်အဖြစ် ကျွမ်းကျင်(၂)(အတီးအမှုတ်) ဦးကျော်စွာဝင်း၊ ရူပမင်းသားအဖြစ် အနုပညာရှင်(၃) (အတီးအမှုတ်) ဦးအောင်ဟိန်းကျော်၊ သဒ္ဒမင်းသားအဖြစ် ကျွမ်းကျင်(၃)(အဆိုအက) ဦးအေးချမ်းအောင်၊ ဂန္ဓမင်းသားအဖြစ် ကျွမ်းကျင်(၃)(အတီးအမှုတ်) ဦးကျော်ဖြိုးလင်း၊ ရသာရုံ မင်းသားအဖြစ် ကျွမ်းကျင်(၃)(အဆိုအက) ဦးသန့်ဇင်၊ ဒိသာပါမောက္ခဆရာကြီးအဖြစ် ကျွမ်းကျင်(၂) (အတီးအမှုတ်) ဦးအောင်သူရိန်၊ အဿမုခိဘီလူးမအဖြစ် ကျွမ်းကျင်(၂)(အဆိုအက) ဒေါ်ဝေဖူးငယ် နှင့် ဘီလူးမများအဖြစ် ကျွမ်းကျင်(၂)(အဆိုအက) ဒေါ်သင်းသင်းမိုး၊ ကျွမ်းကျင်(၁)(အဆိုအက) ဒေါ်ခိုင်ဇာဖြိုး၊ ကျွမ်းကျင်(၂)(အဆိုအက) ဒေါ်နှင်းဝတ်ရည်၊ ကျွမ်းကျင်(၃)(အဆိုအက) ဒေါ်စိမ်းလဲ့ခင် နှင့် အနုပညာဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင်ဝန်ထမ်းများ ပါဝင်ခဲ့ကြပြီး ဇာတ်ပို့ဆိုင်း အဖြစ် ရွာစားနိုင်လင်းဗိုလ်ဆိုင်းအဖွဲ့က တီးခတ်ပံ့ပိုးပေးထားသည်။ 

အဆိုပါဇာတ်တော်ကြီးအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတစ်ဆင့် အများပြည်သူသို့ ပြသ နိုင်ရေးအတွက် ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါများ လျော့ပါးသွားပါက ဇာတ်ရုံများရှိသည့် မြို့များတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ကုသရေး ညွှန်ကြားချက်များနှင့်အညီ ဖျော်ဖြေတင်ဆက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)