အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးနီးပါး ဖွင့်လှစ်လျက်ရှိရာ လာမည့်လတွင် ပထမအစမ်းစာမေးပွဲ ပြုလုပ်ပြီး ၂၀၂၂ခုနှစ် မတ်လကုန်တွင် အတန်းတင်စာမေးပွဲများ ကျင်းပမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းကျဆင်းလာသဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ၏ ပညာရေး အတော်အတန် ခရီးရောက်လာပြီဖြစ်သည်။ စာသင်နှစ်အောင်မြင်စွာ ပြီးဆုံးနိုင်ရေးအတွက် စိန်ခေါ်မှုများကို အထူးသတိထားပြီး ကျော်လွှားကြရမည်ဖြစ်သည်။
“ကလေးတွေ ကျောင်းတက်နေကြပြီ။ ကျောင်းတက်နေတော့ ဒီကလေးတွေ ပညာသင်ကြားရေးမှာ ဘယ်လိုမှထိခိုက်ခံလို့မရဘူး။ အထိခိုက်ခံလို့မဖြစ်ဘူး။ သူတို့ကို ကျန်းကျန်းမာမာနဲ့ မတ်လကုန် ကျွန်တော်တို့ စာမေးပွဲပြီးတဲ့အထိ ကျောင်းတက်နိုင်ဖို့လိုတယ်။ လုံလုံခြုံခြုံနဲ့ တက်နိုင်ဖို့လိုတယ်။ သူတို့တင်မဟုတ်ဘူး။ ပညာရေးဝန်ထမ်းတွေလည်း ဒီအတိုင်းပဲ။ ကျန်းကျန်းမာမာနဲ့ ပညာသင်ကြား ပေးနိုင်ဖို့လိုတယ်။ လုံလုံခြုံခြုံနဲ့ ပညာသင်ကြားပေးနိုင်ဖို့လိုတယ်။ ဒါကို ကျွန်တော်တို့ တော်တော်ဂရုစိုက်ရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၁) တွင် ပညာရေးနှင့်ပတ်သက်၍ အထက်ပါအတိုင်း အလေးအနက်ထား ပြောကြားခဲ့သည်။
ယခုအခါ ကျောင်သား ကျောင်းသူ ကလေးသူငယ်များသည် ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ပညာသင်နှစ်တစ်နှစ် ဆုံးရှုံးခဲ့ရာ ၂၀၂၁ ခုနှစ်တွင် ကလေးသူငယ်များ ပညာသင်ကြားမှု အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှုလျော့ပါးရေးကို ဦးစားပေးအလေးထား ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အပြင် အဖျက်အမှောင့်အနှောင့်အယှက်များကို တားဆီးကာကွယ်ကျော်လွှား ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အာဖရိကတိုက်မှ စတင်ဖြစ်ပေါ်လာသော ကိုဗစ်-၁၉ ရောဂါဗီဇမျိုးကွဲသစ် အိုမီခရွန် ထပ်မံဖြစ်ပွားလာသည်။ ကူးစက်မှု မြန်ဆန်ပြီး ရောဂါပြင်းထန်နိုင်သော အိုမီခရွန်ပိုးသစ်သည် ရက်ပိုင်းအတွင်း လျင်မြန်စွာပျံ့နှံ့လာပြီး ဥရောပ၊ အမေရိကမှ အာရှနိုင်ငံများသို့ပါ ကူးစက်ပြန့်ပွားလာရာ ယခုအခါ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် အာရှနိုင်ငံအချို့သို့ ရောက်ရှိလာသည်။
မြန်မာနိုင်ငံတွင် ကလေးငယ်များ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာသင်ကြားရေးကို အလေးထားဦးစားပေးဆောင်ရွက်လျက်ရှိရာ အိုမီခရွန်ရောဂါပိုးသစ် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းမရှိအောင် ဝိုင်းဝန်း လက်တွဲတားဆီးကြရမည်ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနှုန်းမှာ နှစ်ရာခိုင်နှုန်း ဝန်းကျင်အထိ ကျဆင်းလာခဲ့ပြီး ကျောင်းသား ကျောင်းသူများသာမက အများပြည်သူတို့ အလုပ်အကိုင်အခွင့်အလမ်းများကို ဖြောင့်ဖြောင့်တန်းတန်း ကြိုးပမ်း ဆောင်ရွက်နေသော အချိန်အခါတွင် ရောဂါဖြစ်ပွားနှုန်း ဆက်လက်ကျဆင်းစေရန်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ကြိုးပမ်းဆောင်ရွက်နေမှု အရှိန်အဟုန်မပျက်ပြားစေရေးအတွက် ကူးစက်ပျံ့နှံ့နေသော ရောဂါပိုးသစ် ဝင်ရောက်ခြင်းမရှိအောင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြိုးပမ်းဆောင်ရွက်နေကြသည်။
အဓိကမှာ ပြည်ပမှဝင်ရောက်လာသူများအား အထူးဂရုစိုက်ကြပ်မတ်စစ်ဆေး၊ စောင့်ကြည့်ပေးသွားရန် လိုပြီး ပြည်တွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် သတ်မှတ်ထားသည့် အတိုင်း လွှမ်းခြုံထိုးနှံရေးကို ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားခြင်းသည် ရောဂါကို အပြည့်အဝ ကာကွယ်နိုင်သည်မဆိုလိုသော်လည်း ရောဂါကူးစက်မှုကို သုံးပုံတစ်ပုံ လျှော့ချပေးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း မျှော်မှန်း အုပ်စု၏ ၅၀ ရာခိုင်နှုန်းထိုးနှံရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ တစ်ရက်လျှင် ပြည်သူ နှစ်သိန်း ခုနစ်သောင်း ဝန်းကျင်မှ သုံးသိန်းဝန်းကျင်အထိ ထိုးနှံပေးလျက်ရှိသည်။ ဆေးထိုးနှံမှုအရေအတွက် ယခုထက်တိုးတက်စေရေး ထပ်မံကြိုးစားဆောင်ရွက်ကြရန်လိုအပ်သည်။ ကာကွယ်ဆေးထိုးနှံထားမည် ဆိုပါက ရောဂါကူးစက်မှုကို အထိုက်အလျောက် ကာကွယ်နိုင်ပြီး ရောဂါကူးစက်ခံရပါကလည်း အတိုင်းအတာတစ်ခုအထိ သက်သာမှုရစေနိုင်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး ဆရာ ဆရာမများကိုလည်း ထိုးနှံပေးထားသည်။ သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အဖျက်အမှောင့်အနှောင့်အယှက် မဖြစ်ပေါ် စေရန် နိုင်ငံတော်အစိုးရနှင့် ပြည်သူအားလုံး ပူးပေါင်းလက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။