နေပြည်တော် နိုဝင်ဘာ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယဒေသရှိ Forever Yay Wati ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ရုပ်မြင်သံကြားရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများနှင့် စတူဒီယိုများ တည်ဆောက် နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာရှင်းလင်းဆောင်၌ Forever Yay Wati ကုမ္ပဏီမှ Project Director ဦးသိန်းထွန်းအောင် က ပင်းတယဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးကို အခြေခံသော ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများအတွက် အခြေခံအဆောက် အအုံများနှင့် စတူဒီယိုများ တည်ဆောက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုအခါ အနုပညာသမားများအနေဖြင့် ဘေးပယောဂ အမျိုးမျိုးကြောင့် အနုပညာ လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နိုင်မှု မရှိကြောင်း၊ ထို့ကြောင့် အချို့သော အနုပညာရှင်များမှာ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေကြရပြီး အနုပညာလုပ်ငန်းများ လွတ်လပ်စွာ ဖန်တီးရိုက်ကူးထုတ်လုပ်နိုင်ရန် စိတ်ဆန္ဒ ရှိနေကြပါ ကြောင်း၊ မိမိတို့ ပြန်ကြားရေး ဝန်ကြီးဌာနသည် စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာကဏ္ဍနှင့် ပတ်သက်၍ တိုက်ရိုက်တာဝန်ရှိသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည့် အတွက် အနုပညာရှင်များနှင့် အနုပညာလောက၌ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးလိုပါကြောင်း။
ရည်မှန်းဆောင်ရွက်
နိုင်ငံတော်ဝန်ကြီးချုပ်က စာပေ။ ရုပ်ရှင်၊ သဘင်၊ ဂီတ စသည့်နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များကို ပညာရှင်များအဖြစ် အသိအမှတ်ပြုကာ ၎င်းတို့၏ လိုအပ်ချက်များကို ကူညီ ဆောင်ရွက်ပေးရန် လမ်းညွှန်ထားပါကြောင်း၊ ပင်းတယဒေသသည် ရေမြေ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေအရ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်ရန် အခြေအနေကောင်းများ ရှိနေပါကြောင်း၊ ယခု ဆောင်ရွက်နေသည့် လုပ်ငန်းသည် သာမန်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင် နေသည့်ပုံစံ မဟုတ်ဘဲ အနာဂတ် အနုပညာလောကအတွက် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည့် အစီအစဉ်များလည်း ပါဝင်သည်ကို တွေ့မြင်ရသည့်အတွက် လွန်စွာကြည်နူးဝမ်းမြောက်မိပါကြောင်း၊ မိမိတို့၏ ရုပ်ရှင်အနုပညာ ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျ ထုတ်လုပ်၍ နိုင်ငံတကာက ကြည့်ရှုအားပေးနိုင်သည်အထိ ရည်မှန်းဆောင်ရွက် ပေးစေလိုပါကြောင်း၊ ပင်းတယဒေသသည် လေထုညစ်ညမ်းမှု ကင်းရှင်း၍ ရာသီဥတုမျှတခြင်း၊ နယ်မြေ အေးချမ်းသာယာခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ စိုက်ပျိုးရေးကို အခြေခံသော သဘာဝပတ်ဝန်းကျင်နှင့် ရှုခင်းရှုကွက်များရှိခြင်းတို့ကြောင့် ရိုက်ကူးထုတ်လုပ်မှု လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
ကူညီဆောင်ရွက်ပေးမည်
သို့ရာတွင် မြေဆီလွှာတိုက်စား၍ မြေမျက်နှာပြင် ပျက်စီးမှုများပြားခြင်းကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် အကြံပြုလိုပါကြောင်း၊ ယခု လုပ်ငန်းများ အောင်မြင်ပါက ပင်းတယဒေသ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ရုပ်ရှင်အနုပညာ လုပ်ငန်းများလည်း ပိုမိုတိုးတက် အဆင်ပြေလာမည်ဖြစ်သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပင်းတယဒေသတွင် ဆောင်ရွက်နေသည့် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်မှုများအတွက် အခြေခံအဆောက်အအုံနှင့် စတူဒီယိုများ တည်ဆောက် အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် Forever Yay Wati ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စတူဒီယိုများ တည်ဆောက်နေမှု၊ မြေဆီလွှာ ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ပင်းတယဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရုပ်မြင်သံကြား ရိုက်ကူး ထုတ်လုပ်မှု လုပ်ငန်းများအတွက် အခြေခံအဆောက်အအုံနှင့် စတူဒီယိုများ တည်ဆောက်ခြင်း လုပ်ငန်းကို Forever Yay Wati ကုမ္ပဏီ လီမိတက်က ၂၀၁၈ ခုနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ မြေဧက ၈၀၀ ကျော်တွင် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ရန် လိုအပ်သော အခြေခံအဆောက်အအုံများကို တည်ဆောက်လျက် ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးခန်းသို့ ရောက်ရှိပြီး စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများ မြှင့်တင်ရေးနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် လှုပ်ရှားမှုများကို ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်