နေပြည်တော် နိုဝင်ဘာ ၂၆
ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့(PATA)က ဦးဆောင်၍ Ministry of Tourism, Arts & Culture Sarawak နှင့် Sarawak Tourism Board တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Virtual PATA Destination Marketing Forum-2021 ကို နိုဝင်ဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၆ ရက်အထိ မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ကူချင်းမြို့၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ် ဆိုင်ရာ တာဝန်ခံများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
ဖိုရမ် ဒုတိယနေ့ကို ယနေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ကျင်းပရာ ဆာရာဝပ် ပြည်နယ်ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့၏ CEO Datu Aloysius Dris, ပစိဖိတ်-အာရှ ခရီးသွား လုပ်ငန်းအဖွဲ့ မှ Communication & External Affairs ၏ ညွှန်ကြားရေးမှူး Mr. Paul Pruangkarn နှင့် The Rainforest World Music Festival မှ Co-founder and Executive Director Robert Basiuk တို့က “The Rainforest World Music Festival” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြကြပြီး PATA မှ Sustainability & Social Responsibility အကြံပေး Mr. Graham Harper က “ခရီးသွားလုပ်ငန်းများ ပြန်လည် ဦးမော့လာစေရေးနှင့် ရေရှည်တည်တံ့ ရေးနည်းလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
ထို့နောက် “Tellian, The Soul of MUKAN ” Virtual Tour ကိုပြသပြီး Quizzes and prizes ပြိုင်ပွဲကျင်းပရာ မြန်မာနိုင်ငံ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေမှ ဒေါ်ဇေငြိမ်းထွန်း က ဒုတိယဆု ရရှိသည်။
ယင်းနောက် ဒုတိယအစီအစဉ်အဖြစ် မော်လ်ဒိုက်နိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီး Dr. Abdulla Mausoom ဦးဆောင်၍ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် BBC ရုပ်သံတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်ရေး အတွက် ဦးစားပေးဆောင်ရွက်သည့်အချက်များကို ဆွေးနွေး ပြောကြားပြီး ဒုတိယနေ့အစီအစဉ် များကို ရပ်နားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် နေပြည်တော်ကောင်စီအတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ခံများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် အသင်း ဒုတိယ ဥက္ကဌ၊ PNPT Sport Farm မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများနှင့် မန်နေဂျာများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး က ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း များအား COVID Safe Services များအဖြစ် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ဟိုတယ်များအနေဖြင့် website တွင် National အဆင့် အသိအမှတ်ပြုလက်မှတ်များလျှောက်ထားနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေး ရန်လိုအပ်ကြောင်း၊ ဟိုတယ်နှင့် လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်များ၏ လုံခြုံ ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုံခြုံရေးအသိဖြင့် အထူး အလေးထားဆောင် ရွက်ရန်လိုအပ်ကြောင်း၊ ဟိုတယ်ပတ်ဝန်းကျင်နှင့် မြေယာအခင်းအကျင်း သန့်ရှင်းသာယာ လှပစေရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်း လိုင်စင်သက်တမ်း ကုန်ဆုံးနေသော ဟိုတယ်များအနေဖြင့် အမြန်ဆုံး သက်တမ်းတိုးနိုင်ရေး ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဌနှင့် ဟိုတယ် မန်နေဂျာများ က နေပြည်တော်ကောင်စီနယ်မြေအတွင်း Health and Safety Protocol သင်တန်းများဖွင့် လှစ်ပြီးစီးမှုအခြေအနေနှင့် နေပြည်တော်သို့ လာရောက်မည့်ခရီးသွား ဧည့်သည်များ ခရီးသွားလာမှုဆိုင်ရာ ဝင်ခွင့်သတ်မှတ်ချက်များ ယခုထက် ပိုမိုဖြေလျော့ပေးနိုင် ရေးအတွက် ကူညီဆောင်ရွက်ပေး စေလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြ ကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)