မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော နိုင်ငံဖြစ်သည်။ ဘာသာရေးအရ လွတ်လပ်ခွင့်ရှိသော နိုင်ငံဖြစ်သည်။ မည်သည့်ဘာသာမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိနေကြသည်။ ဘာသာရေးအရ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ဝင်များ အများစုနေထိုင်သော နိုင်ငံဖြစ်သည်။ အစဉ်အလာအရ ဗုဒ္ဓဘာသာ သာသနာထွန်းကားပြန့်ပွားရေးကို မင်းနှင့်ပြည်သူ သဒ္ဓါထက်သန်စွာ တည်ဆောက်ကိုးကွယ်ဆည်းကပ်လျက်ရှိသည်။
မည်သည့်ဘာသာမဆို ယုံကြည်မှုသဒ္ဓါသည် အရေးအကြီးဆုံးဖြစ်သည်။ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ခြင်းအားဖြင့် မိမိတို့မှာဖြစ်ပေါ်မည့် အပါယ်ဆင်းရဲ၊ သံသရာဆင်းရဲတို့မှ လွတ်မြောက်နိုင်ကြမည်ဟု ယုံကြည်ကြရမည် ဖြစ်သည်။ တရားတော်ကို ယုံကြည်ရာ၌ သတ္တဝါတို့၏ ကောင်းကျိုးများကို ပွားစေနိုင်သောတရား၊ အပါယ်ဆင်းရဲ၊ သံသရာဆင်းရဲများကို ပယ်ဖျောက်စေ နိုင်သော တရားဖြစ်သည်ဟု ယုံကြည်ရမည်။ သံဃာတော်ကို ယုံကြည်ရာ၌ လည်း သံဃာတော်သည် သတ္တဝါတို့၏အကျိုးစီးပွားကို ဖြစ်စေနိုင်သော၊ အပါယ်ဆင်းရဲနှင့် သံသရာဆင်းရဲကို ပယ်ဖျောက်စေနိုင်သောတရားတို့ကို ဟောကြားတော်မူနိုင်သောပုဂ္ဂိုလ် ဟုယုံကြည်ရမည်။ ထိုသို့ ယုံကြည်သဒ္ဓါရှိမှ ကိုးကွယ်ထိုက်ပူဇော်ထိုက်၏ဟူသော အသိပေါ်လာ မည်ဖြစ်သည်။ ယုံကြည်မှု(သဒ္ဓါ)၊ သိမြင်မှု (ပညာ)ဖြင့် ဘုရား၊ တရား၊ သံဃာကိုဆည်းကပ်ပါက စစ်မှန်သည့် သရဏဂုံမြောက်နိုင်သည်။ သရဏဂုံ တည်လျှင် အပါယ်ဒုက္ခဆင်းရဲသို့ မကျရောက် နိုင်တော့ချေ။
ဗုဒ္ဓဘာသာဝင်အများစုသည် မြတ်စွာဘုရားရှင်အား သက်ရှိထင်ရှားရှိနေသည့်အလား ကြည်ညိုသဒ္ဓါပွားနိုင်ရန်အတွက် စေတီ၊ ဘုရားများ တည်ထားကိုးကွယ်ကြသည်။ မြန်မာနိုင်ငံသည် စေတီ၊ ဘုရားများ ရွှေရောင်တဝင်းဝင်းနှင့် ရှုမျှော်၍မဆုံးသဖြင့် စေတီ၊ ဘုရားများပေါများရာ ရွှေနိုင်ငံဟုခေါ်ဆိုကြသည်။ ရှေးဟောင်းစေတီ၊ ဘုရားများအား ထိန်းသိမ်း စောင့်ရှောက်ကိုးကွယ် ဆည်းကပ်ကြပြီး မင်းနှင့်ပြည်သူကောင်းမှုတို့ဖြင့် စေတီ၊ ဘုရားရုပ်ပွား တော်မြတ်များအား အသစ်တည်ထားကိုးကွယ်ကြသည်။ ကြည်ညိုဖွယ်ရာ ဘုရားရတနာများ တည်ထားကိုးကွယ်ကြသဖြင့် သာဓုပတ္တာနုမောဒန ကုသိုလ်တရားများတိုးပွားပြီး အပါယ် ဒုက္ခဘေးမှလွတ်ကင်းသည့် အကျိုးများရရှိသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်က မြန်မာနိုင်ငံ (ရန်ကုန်) သိင်္ဂုတ္တရကုန်းတော်တွင် ဥက္ကလာပ မင်းကြီးက ရွှေတိဂုံစေတီတော်မြတ်အား တည်ထားကိုးကွယ်ခဲ့သည်။ ရွှေရောင်တဝင်းဝင်းနှင့် စေတီတော်မြတ်ကြီးသည် သာသနာတည်သရွေ့ ကမ္ဘာ့အံ့ဖွယ် အကြီးဆုံး စေတီတော်မြတ်ကြီးအဖြစ် ယနေ့ထက်တိုင် အများပြည်သူ ကိုးကွယ်ဆည်းကပ်လျက်ရှိသည်။ ယခုအခါ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည်။ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးပါက ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည်ဖြစ်ပြီး ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော် အလေးချိန် ၃၅၁၀ တန် စုစုပေါင်းအလေးချိန် ၅၂၉၂ တန်ရှိမည်ဖြစ်သည်။
ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရန်အတွက် စကျင် ကျောက်တောင်ကြီးကို ၂၀၁၃ ခုနှစ်က လှူဒါန်းခဲ့ပြီး လှူဒါန်းသည့် ရွှေဖောင်ဒေးရှင်း၏ လွှဲအပ်ချက်အရ တပ်မတော်က စကျင်ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန် ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် သယ်ဆောင်ခြင်းတို့ကို ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ မြတ်စွာ ဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ် တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာ ရတနာပုံခေတ်ဟန်ဖြင့် အများပြည်သူ ဖူးမြော် ကြည်ညိုခြင်းအလို့ငှာ ထွင်းထုပူဇော်ခြင်းဖြစ်သည်။
“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပ လျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးထံသို့ ပြည်တွင်း ပြည်ပဘုရားဖူး များ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် စသည့်ရည်ရွယ်ချက်လေးရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ပြည်သူများ ဗုဒ္ဓရုပ်ပွားတော်ကြီး အား စိတ်လက်ကြည်သာစွာဖြင့် ဖူးမြော်နိုင်ရေး နှင့် အေးချမ်းသာယာမှုရှိစေရန် “မာရဝိဇယ” ဗုဒ္ဓဥယျာဉ်တော်ကြီးအဖြစ် တည်ဆောက်လျက်ရှိသည်။
သို့ဖြစ်ရာ တိုင်းပြည်အေးချမ်းသာယာဝပြောပြီး အများပြည်သူတို့ ဒုက္ခဆင်းရဲ အပေါင်းမှ ကင်းဝေးစေရန်ရည်ရွယ်လျက် တပ်မတော်ကဦးစီး၍ ထွင်းထုတည်ဆောက် လျက်ရှိသော “မာရဝိဇယ” ကမ္ဘာ့အကြီးဆုံးကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လှူဒါန်းမှုကို ကြည်ညိုသဒ္ဓါပွားများကြကာ သာဓုပတ္တာနုမောဒန ကုသိုလ်တရားများ တိုးပွားအကျိုးများ ပါစေကြောင်း။ ။