Skip to main content

နိုင်ငံအကျိုးအတွက် ပထမဦးစားပေးခြိုးခြံချွေတာ

ယနေ့အချိန်အခါတွင် အများပြည်သူ ကြုံတွေ့နေရသည်မှာ ဝယ်ယူအသုံးပြု ဖွယ်ရာပစ္စည်းများ ဈေးတက်နေခြင်း ဖြစ်သည်။ ကုန်ပစ္စည်းဈေးနှုန်း ကြီးမြင့်ရခြင်းမှာ နိုင်ငံခြားငွေဈေးနှုန်း တက်လာသောကြောင့်ဖြစ်သည်။ မူလက ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများ ဒေါ်လာဈေးနှုန်း တက်သလောက် ဈေးနှုန်းမြင့် တက်လာခဲ့ပြီး နောက်ပိုင်းတွင် အခြားစားသောက်ကုန် ပစ္စည်းများပါ ဈေးနှုန်းတက်လာသည်ကို တွေ့ရသည်။

နိုင်ငံခြားငွေတန်ဖိုးတက်လျှင် ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်စည်ဈေးနှုန်း တက်လာသည်။ အထူးသဖြင့် အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ တက်ခြင်းသည် အရေးကြီးသောအချက်ဖြစ်သည်။ အခြေခံကုန်ပစ္စည်းဈေးနှုန်းများ တက်လာရခြင်းသည် စက်သုံးဆီ ဈေးနှုန်းတက်ခြင်းနှင့် သက်ဆိုင်သည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေကြေးကို သတ်မှတ်သောနှုန်းထားဖြင့် ရောင်းချပေးပြီး စက်သုံးဆီ တစ်လီတာဈေးနှုန်းကို သတ်မှတ်သောနှုန်းထားဖြင့် ထိန်းညှိရောင်းချပေးသော်လည်း ကုန်စည်ဈေးနှုန်းမှာ ပြန်လည် ကျဆင်းလာခြင်းမရှိပေ။

မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းဈေးနှုန်း တန်ဖိုးသတ်မှတ်ရာတွင် ရောင်းသူ၏ ပါးစပ်ပေါ်တွင်သာ ရှိနေသည်။ ပြင်ပ၌ ဂယက် ရိုက်ခတ်မှု တစ်မျိုးမျိုးရှိပါက ကုန်ပစ္စည်းဈေးနှုန်းများ မြှင့်တင်လာ တတ်ပြီး ဂယက်ရိုက်ခတ်မှုမရှိဘဲ ပုံမှန်ဖြစ်နေသောအခါတွင် ဈေးနှုန်းများ ပြန်လည်ကျဆင်း ခြင်းမရှိပေ။ ထိုအခါလုပ်ငန်းကိုင်ငန်း ဆောင်ရွက်သူများနှင့် စားသုံးသူပြည်သူများမှာ အခက်အခဲများနှင့် ကြုံတွေ့ကြရသည်။ ယခုအခါ ရွှေဈေး၊ အမေရိကန်ဒေါ်လာဈေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး စက်သုံးဆီ ဈေးနှုန်းများကိုလည်း အသင့်အတင့် ထိန်းညှိချထားပေးသည်။ သို့သော်ကုန်ပစ္စည်းဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေ သည်ကို တွေ့ရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒီဇယ်နှင့် ဓာတ်ဆီတန်ဖိုး ဒေါ်လာ ၂ ဒသမ ၁၂၉ ဘီလီယံ တင်သွင်း ခဲ့ပြီး စားအုန်းဆီတန်ချိန် ရှစ်သိန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၈၂၆ သန်းနှင့်ပေါင်းလျှင် နိုင်ငံခြားငွေ ဒေါ်လာ သုံးဘီလီယံခန့် သုံးစွဲနေရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကုန်ကျမှုတွင် စားသုံးဆီ၊ စက်သုံးဆီမှ အများဆုံးကုန်ကျလျက်ရှိသည်။ ဆီတင်သွင်းမှုလျှော့ချနိုင်လျှင် နိုင်ငံခြားငွေ ကုန်ကျမှုလျော့နည်းမည်ဖြစ်၍ ဆီသုံးစွဲမှုကို လျှော့ချနိုင်ရန် အကြံပြု လိုပါသည်။ စားသုံးဆီသုံးစွဲမှု လျှော့ချနိုင်ရေးကို နိုင်ငံတော်မှ တိုက်တွန်းနှိုးဆော်လျက်ရှိပြီး စားသုံးဆီကို လျှော့ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ် လည်းသက်သာ ကျန်းမာရေးနှင့်လည်း ညီညွတ်စေသည်။ စက်သုံးဆီလျှော့ချရေးကို အားလုံးပါဝင် ဆောင်ရွက် ကြရန်လိုပြီး လျှော့ချသုံးစွဲခြင်းဖြင့် နိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

စက်သုံးဆီလျှော့ချရေးတွင် ကိုယ်ပိုင်ယာဉ်သုံးစွဲခြင်းထက် အများပြည်သူသုံးယာဉ်များ သုံးစွဲခြင်း သည် စက်သုံးဆီလိုအပ်မှု လျော့နည်းလာစေသည်။ နိုင်ငံတကာတွင် အများပြည်သူ သွားလာကြ ရာ၌ ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးရေးနှင့် ကုန်ကျစရိတ် သက်သာရေးအတွက် မီးရထား၊ မြို့ပတ်ရထား၊ ဘတ်စ်ကားများကို ဦးစားပေးသုံးစွဲကြသည်။ မြန်မာနိုင်ငံတွင်လည်း ခရီးသည် ပို့ဆောင်ရေးယာဉ်များကို အဆင့်မြှင့်တင်ဖြည့်ဆည်းထားသဖြင့် အသုံးပြုရာ၌ လွယ်ကူချောမွေ့ လျက်ရှိသည်။ မီးရထားလမ်း များတွင် အဖျက်အမှောင့်အနှောင့်အယှက်များကို ဖယ်ရှား၍ ကြိုးစားဖွင့်လှစ်ပေးလျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် စရိတ်စကသက်သာသော မီးရထား၊ ဘတ်စ်ကားများဖြင့် ခရီးသွားလာကြရန် အကြံပြုလိုပါသည်။ မြို့ပြများတွင် ကိုယ်ပိုင် ယာဉ်များကို ဝယ်ရောင်းလုပ်ကိုင်ရန်အတွက်လည်းကောင်း၊ ကိုယ်တိုင်စီးရန်အတွက် လည်းကောင်း တစ်အိမ်တွင် ကိုယ်ပိုင်ယာဉ် တစ်စီးမက ရှိကြသဖြင့် စက်သုံးဆီလိုအပ်မှု ပိုများလာသည်။

ပြည်သူများအတွက်အဓိကမှာ စားသုံးဆီသုံးစွဲမှုဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ဆီထွက်သီးနှံ အလုံအလောက် ရှိနေသော်လည်း ပြည်ပမှ စားသုံးဆီ တင်သွင်းနေရခြင်းသည် လိုသည်ထက် ပိုအသုံးပြုနေကြောင်း သိသာထင်ရှားသည်။ ဆီပါမှ ဆီများများသုံးမှ နှစ်သက်ကြသော မိမိတို့စိတ်ဆန္ဒများကို လျှော့ချသင့်ကြောင်း အကြံပြုလိုသည်။ ဆီကို လိုသည်ထက် ပိုမိုစားသုံးလျှင် နိုင်ငံခြားငွေ ပိုမိုကုန်ကျသည်ထက် မိမိတို့၏ ကျန်းမာရေးကို ထိခိုက်လာနိုင်သည်ကို အထူးသတိပြုသင့်သည်။ ခြိုးခြံချွေတာခြင်းသည် ကြီးပွားရေး၊ စီးပွားရေးအတွက် လူတိုင်းကျင့်သုံးအပ်သည့်ကိစ္စဖြစ်ရာ စက်သုံးဆီနှင့် စားသုံးဆီ ဤနှစ်မျိုးကို လျော့နည်းသက်သာရေးအတွက် ကြိုးစားအားထုတ်သင့်ပါသည်။

သို့ဖြစ်ရာ ကုန်ပစ္စည်းဈေးနှုန်းများ ကြီးမြင့်နေပြီး နိုင်ငံခြားငွေခြိုးခြံချွေတာရေး အရေးကြီးသော ကာလဖြစ်နေ၍ အားလုံး အသိတရားဖြင့် လိုက်ပါဆောင်ရွက်ခြင်းဖြင့် မိမိအကျိုး၊ တိုင်းပြည် အကျိုးကို ပါဝင်ဆောင်ရွက်ရာရောက်ပါသည်။ အကုန်နှင့် အရကို မျှတစွာသုံးစွဲခြင်း၊ လူတစ်ဦးချင်း ကိုယ်စီကိုယ်စီ ခြိုးခြံချွေတာသုံးစွဲခြင်းတို့သည် ကြီးပွားတိုးတက်ခြင်း အကျင့်ကောင်း များဖြစ်၍ မျက်မှောက်ကာလတွင် ပထမဦးစားပေးဆောင်ရွက်သင့်သည့် စားသုံးဆီနှင့် စက်သုံးဆီ လျှော့ချရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါ ကြောင်း။ ။