Skip to main content

အနုပညာစွမ်းပကားဖြင့် သတင်းစကားပါးကြစေလို

 

စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတတို့ကလူတို့၏ စိတ်နှလုံးကို စိုးမိုးချုပ်ကိုင်ခြယ်လှယ်နိုင်သော စွမ်းအင်များ ရှိကြသည်။ ၎င်းတို့သည် မီဒီယာများဖြစ်ကြသည့်အလျောက် ပြည်သူလူထုအတွင်း သတင်း ဖြန့်ဝေနိုင်သည့် အစွမ်းလည်း ရှိကြသည်။ နာမည်ကြီးဝတ္ထုထဲမှ ဇာတ်ကောင်၏ စရိုက် လွှမ်းမိုးခြင်းခံရသည့် စာဖတ်ပရိသတ်တို့ ရှိခဲ့ဖူးသလို ဝတ္ထုထဲမှ ဇာတ်လိုက်၏ ကြိုးပမ်းရုန်းကန်မှုကို အတုယူကာ ဘဝတွင် အောင်မြင်မှုရရှိသူများလည်း ရှိခဲ့သည်။ ရုပ်ရှင်ဇာတ်ကားထဲမှ သရုပ်ဆောင်တို့၏ အမူအရာ၊ ဝတ်စားဆင်ယင်ပုံ၊ ပြောပုံဆိုပုံ၊ ဇာတ်ဝင်စကားလုံးများကလည်း လူငယ်လူရွယ်များအတွင်း အချိန်တိုအတွင်း ပျံ့နှံ့သွားတတ်လေ့ရှိသည်။ သဘင်၊ ဂီတ စသည့် အနုပညာ တို့သည်လည်း ဤနည်းနှင်နှင်။ ။

 

မြန်မာ့သမိုင်းကိုပြန်ကြည့်လျှင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ပညာရှင်တို့သည် ၎င်းတို့၏ ခေတ်အလျောက် တာဝန်ကျေပွန်ခဲ့ကြသည်ကို တွေ့ရသည်။ ကိုလိုနီခေတ်တွင် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး၊ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းမှုများ၌ မိမိတို့တတ်စွမ်း၊ ကျွမ်းကျင်ရာ အနုပညာနယ်ပယ်မှနေ၍ နိုင်ငံနှင့် လူမျိုးအတွက် ပါဝင်ကြိုးပမ်းခဲ့ကြသည်များကို အထင်အရှား တွေ့ရသည်။ ခေတ်အလျောက် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အနုပညာရှင်များမှာ သမိုင်းတွင် မှတ်တမ်းတင်ခံကြရပြီး နိုင်ငံ့အရေး၊ အမျိုးသားရေးတာဝန်များကို ရှောင်လွှဲ ဆန့်ကျင်ခဲ့ကြသူများမှာမူ သမိုင်းတွင် မေ့လျော့ခံကြရသည်။ မှိန်ပျောက်သွားခဲ့ကြသည် ကိုလည်း တွေ့ရသည်။

 

မျက်မှောက်ကာလ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာများနှင့် စပ်လျဉ်း၍ “ယခုအခါ စာပေနှင့်ပတ်သက်၍ ပုံနှိပ်မီဒီ ယာများ၏ အခန်းကဏ္ဍ ကျဆင်းလာပြီး အွန်လိုင်းမီဒီယာများ၏ အခန်းကဏ္ဍများ စိုးမိုးလာသည်ကို တွေ့ရကြောင်း၊ အလားတူ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ရုပ်ရှင်ကြီးများ၏ အခန်းကဏ္ဍ ကျဆင်းလာသကဲ့သို့ ဂီတနှင့် ပတ်သက်၍လည်း အနောက်နိုင်ငံများ၏ ဂီတများ လွှမ်းခြုံလာသည်ကို သတိပြုမိကြောင်း၊ စာဖတ်မှုများ အားနည်းလာပြီး စာကောင်းပေမွန်များမှ ရရှိသည့် ကောင်းမွန်သည့်အသိများ နည်းလာခြင်းကြောင့် လူများ၏ တုံ့ပြန်မှုမှာလည်း ပြောင်းလဲလာကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်စေရန်အတွက် ပညာရေးစနစ် ကောင်းမွန်ရန်လိုကြောင်း၊ ပညာတတ်မှသာ အသိပညာ အတတ် ပညာများ ရရှိမည်ဖြစ်သဖြင့် အနုပညာရှင်များအနေဖြင့် မိမိတို့နိုင်ငံ တိုးတက်ရေးအတွက် အဓိက အရေးကြီးသည့် ပညာရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းနှိုးဆော် တိုက်တွန်းပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံကို ချစ်သည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ပညာရေးကို အားပေးဆောင်ရွက်ကြရန် လိုကြောင်း” စသည်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံပြီး စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတပိုင်းဆိုင်ရာ ကဏ္ဍများမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

ယခုအခါ အိုင်တီအပါအဝင် နည်းပညာများ ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အတူ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတဆိုင်ရာကဏ္ဍတို့တွင်လည်း ပြောင်းလဲရိုက်ခတ်မှုများ ဖြစ်ပေါ်လာသည်။ အထူးသဖြင့် လူငယ်များမှာ အသစ်အဆန်းများပေါ်တွင် ပိုမို၍ အာရုံ တိမ်းညွှတ်သည့် သဘာဝရှိကြသည့်အတွက် လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများနှင့်ပစ္စည်းများနောက်သို့ လိုက်ပါနေကြခြင်း ဖြစ်ရာ ယင်းသဘာဝကို နားလည်ပေးရန် လိုအပ်ပြီး ၎င်းတို့လက်ခံသည့်၊ စိတ်ဝင်စားသည့် နည်းပညာ နယ်ပယ်မှတစ်ဆင့်ပင် လူငယ်များထံ သတင်းစကားပါးနိုင်ရန် လိုအပ်သည်။ ပညာသင်သည့် ကျောင်းသားအရွယ်တွင် ပညာကို ကောင်းစွာသင်ကြားတတ်မြောက်ပြီးမှသာ ဘဝတစ်သက်တာကို ပိုမို၍ လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်ကြမည်ကို လူငယ်များ နှလုံးသားမှ သိနားလည် လက်ခံလာစေရေးအတွက် စာပေ ရုပ်ရှင်၊ သဘင်၊ ဂီတပညာရှင်များက အနုပညာစွမ်းပကားဖြင့် ကြိုးပမ်း စွမ်းဆောင်နိုင်ကြပါစေကြောင်း။