Skip to main content

လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် စာပေရေးသားထုတ်ဝေမှုများကို ဆောင်ရွက်ပေးစေလို

ရန်ကုန် အောက်တိုဘာ ၂၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အမျိုးသားစာပေဆု  စိစစ်ရွေးချယ်ရေး ကော်မတီဝင်များ၊ စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ အမျိုးသားစာပေဆု စိစစ်ရွေးချယ် ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လတ် (နောင်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် အဖွဲ့ဝင် ၂၂ ဦးတို့ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည် မီဒီယာပလက်ဖောင်းမျိုးစုံနှင့် ထိတွေ့ဆောင်ရွက်  နေရသည့်အတွက် လွန်စွာအရေးကြီးသည် ဟု  ခံယူထားပါကြောင်း၊ ယနေ့တက်ရောက်လာကြသည့်  စာပေပညာရှင်ကြီးများသည် နိုင်ငံတော်၏ တန်ဖိုးမဖြတ်နိုင်သည့် ပုဂ္ဂိုလ်ကြီးများဖြစ်၍ လွန်စွာ လေးစားတန်ဖိုးထားပါ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်နယ်ပယ်မှ ပုဂ္ဂိုလ် များကို ပညာရှင်အဖြစ် သိမှတ်လက်ခံထားပါကြောင်းနှင့် လိုအပ်သည့်ကိစ္စများကို တတ်နိုင်သမျှ  ကူညီဆောင်ရွက်ပေးရန် မှာကြားထားပါကြောင်း။

ယနေ့ဖြစ်ပေါ်နေသော နိုင်ငံတော်၏အခြေအနေ အရပ်ရပ်ကို ပြန်လည်သုံးသပ်ပါက လူငယ်များ၏  အနာဂတ်ကို မှန်ကန်စွာ ပြန်လည်ပြုစုပျိုးထောင်ပေးရန် လိုအပ်နေသည်ကို တွေ့ရပါကြောင်း၊ လူငယ်များသည် မိမိတို့စိတ်တိုင်းကျ ပုံလောင်းပုံဖော်နိုင် သည့် ဖယောင်းခဲလေးများပင် ဖြစ်ပါကြောင်း၊ လူငယ်များ၏ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် စာပေ ရေးသားထုတ်ဝေမှုများကို ဆောင်ရွက်ပေးစေလိုပါကြောင်း၊ စာပေမြှင့်မှလူမျိုးမြင့်မည်ဆိုသည့်ခံယူချက်ဖြင့် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုကြောင်း။

ယနေ့အချိန်တွင် အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုများ စနစ်တကျ ရွေးချယ်၍ ဆုများ ချီးမြှင့်နိုင်ရန် ဆောင်ရွက် နေသည့်အတွက် လွန်စွာ ကျေးဇူးတင်ပါကြောင်း၊ ဆုရွေးချယ်ရေး အဖွဲ့ဝင်များသည် အတွေ့အကြုံနှင့် အသိပညာ ရင့်ကျက်သူများ ဖြစ်၍ ထိုက်တန်သည့် စာပေပညာ ရှင်ကြီးများကို ရွေးချယ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း၊ ဆုပေးပွဲအခမ်းအနားကို နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုနှင့် ထိုက်တန်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီစနစ်ကို စည်းကမ်းရှိခြင်း၊ တရားမျှတခြင်းများဖြင့် အနှစ်သာရပြည့်ဝစွာ အားလုံးပူးပေါင်း အကောင်အထည် ဖော်ပေးကြရမည်ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ခေတ်နှင့်လျော်ညီသည့်စာအုပ်များ စီစဉ်ထုတ်ဝေသွားမည်ဖြစ်သကဲ့သို့ စာအုပ်ဆိုင်များကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ စာဖတ်သူနှင့် စာမဖတ် သူများ၏ အတွေးအခေါ်၊ အယူအဆ၊ အလုပ် အကိုင်များသည်လည်း လွန်စွာကွဲပြားမှုရှိသည်ကို

တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ အတွေးအခေါ်၊ အယူအဆ မှန်ကန်စေရန် စာပေလေ့လာဖတ်ရှုစေရေး စာပေပညာရှင်ကြီးများက ဝိုင်းဝန်းဖော်ဆောင်ပေးကြ စေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားစာပေဆုစိစစ်ရွေးချယ် ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လတ် (နောင်) နှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တို့က ဆုရွေးချယ်မှုဆိုင်ရာလုပ်ငန်းများ ပြင်ဆင်ထားရှိမှု  ကိုလည်းကောင်း၊ ပြိုင်ပွဲဝင် စာအုပ်များ ပြည့်စုံစွာ လက်ခံရရှိမှု၊ ဆုရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းများ စီစဉ်ထားရှိမှု များနှင့်စပ်လျဉ်း၍လည်းကောင်း၊ တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများက စာပေဖွံ့ဖြိုးရေးကိစ္စများနှင့် စာဆိုဗိမာန်ပေါ်ပေါက်ရေး ကိစ္စများကိုလည်းကောင်း အကြံပြု ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။

သတင်းစဉ်