Skip to main content

ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ သာယာဝပြောမှုဖြည့်ဆည်း

 

“မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်နှင့် မူဝါဒများ ကို အခိုင်အမာ ယုံကြည်ပြီး မိမိတို့လူသားများ အားလုံးအတွက် ကျန်းမာချမ်းသာ ကြွယ်ဝ၍ တိုးတက်ရှင်သန်သော ကမ္ဘာကြီးတစ်ခု တည်ဆောက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏အပြုသဘောဆောင် ကြိုးပမ်းအားထုတ်မှု များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်” ဟု (၇၆) နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

 

ကမ္ဘာ့လူသားများ၏ လိုအပ်ချက်များကို အမှန်တကယ် ထင်ဟပ်စေသည့် အဖွဲ့အစည်းသည် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးဖြစ်ပြီး မိမိတို့ဒေသတွင်း အရှေ့တောင် အာရှနိုင်ငံများမှ လူသားများငြိမ်းချမ်းသာယာ ဝပြောရေးနှင့် ပေါင်းစည်းညီညွတ်ရေးကို ဖော်ဆောင်သည့်အဖွဲ့အစည်းသည် အာဆီယံအဖွဲ့ကြီး ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးနှင့်သာမက အာဆီယံအဖွဲ့ ကြီးနှင့်ပါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ပြည်သူများအားလုံးနှင့် တန်းတူညီမျှဆက်ဆံနိုင်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ၍ အပြုသဘောဆောင်သည့် ကြိုးပမ်းအားထုတ်မှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုထားသည်။

 

"နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေများအရ မြန်မာနိုင်ငံအပေါ် မည်သို့ပင်ဖိအားပေးသော်လည်း မြန်မာနိုင်ငံနှင့် နီးနီးကပ်ကပ် ဆက်ဆံလျက်ရှိသော အာဆီယံအဖွဲ့နှင့် ပတ်သက်၍ နိုင်ငံတော်တာဝန်အား စတင်တာဝန်ယူသည့် ကာလမှစ၍ ချမှတ်ထားပြီး အာဆီယံခေါင်းဆောင်များ အစည်းအဝေး၌လည်း ရှင်းလင်းတင်ပြခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်း ခိုင်မာတိကျစွာ ဆောင်ရွက်သွားမည် ဖြစ်သည်။ အာဆီယံ၏သဘောတူညီချက် (၅) ရပ်အတိုင်း လုပ်ငန်းစဉ်များအား အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ “နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို စောင့်ထိန်းလျက်ရှိသည့် နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်လိုက်နာ ဆောင်ရွက်လျက် ရှိသည်။ ပွင့်လင်းမှုရှိပြီး အားလုံးပါဝင်နိုင်သည့်နည်းလမ်းဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် စုပေါင်းအင်အားရယူနိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီးသည် မိမိတို့အားလုံး အတွက် မျှော်လင့်ချက် သင်္ကေတဖြစ်သည်။ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူ ညီမျှမှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှု မူဝါဒများကို ကုလသမဂ္ဂပဋိညာဉ်စာတမ်း တွင် အတိအလင်းထည့်သွင်းထားသည်။ “ အာဆီယံ၏ပဋိညာဉ်စာတမ်းတွင်တစ်ခုတည်းသောအမြင်၊ တစ်ခုတည်းသော အသွင်လက္ခဏာ၊ တစ်ခုတည်းသော ကောင်းတူဆိုးဖက် “အသိုက်အဝန်း” ဟူသည့် သဘောထားရည်မှန်းချက်နှင့် စည်းလုံးညီညွတ်မှု၊ တူညီသောဆန္ဒနှင့် စုပေါင်း စိတ်ဆုံးဖြတ်မှုတို့ဖြင့် ပေါင်းစည်းကြမှုဟူသည့် အချက်တစ်ခုပါသည်။ အာဆီယံ အခြေခံမူတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာ များအား လေးစားလိုက်နာခြင်းဟူသည့်အချက်ပါဝင်သည်။ ထို့အပြင် ပြည်တွင်းရေး တွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်း၊ ပြည်ပမှဝင်ရောက်စွက်ဖက်မှု၊ ဖျက်လို ဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေးတည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေးကို လေးစားခြင်း ဟူသော အချက်များလည်း ပါဝင်သည်။

 

မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး ကျင့်ထုံးများအတိုင်း လိုက်နာကျင့်သုံးလျက်ရှိသည်။ ကုလသမဂ္ဂ အဖွဲ့ကြီးနှင့် အာဆီယံအဖွဲ့ကြီး၏ ပဋိညာဉ်များနှင့် အခြေခံမူများဖြစ်သည့် တန်းတူညီမျှမှု၊ ငြိမ်းချမ်းသာယာဝပြောမှု၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှု စသည့်ကောင်းမြတ်သောအစဉ်အလာများကို မြန်မာနိုင်ငံအနေဖြင့် လေးစား လိုက်နာသွားမည်ဖြစ်ပြီး အခြားရပိုင်ခွင့်များကိုလည်း ကာကွယ်စောင့်ရှောက် ထိန်းသိမ်းသွားမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အာဆီယံအဖွဲ့ကြီးသည် မွန်မြတ်ကောင်းမွန် သောနည်းနာများဖြင့် နိုင်ငံများအားလုံး၏ အကျိုးစီးပွားကို တန်းတူညီမျှဆောင်ရွက် သွားနိုင်လိမ့်မည်ဟု ယုံကြည်ထားသည် နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် ထားရှိသော ကတိကဝတ်များနှင့် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို နိုင်ငံ၏အချုပ်အခြာ အာဏာနှင့် အဓိကကျသော အမျိုးသားအကျိုးစီးပွား မူဘောင်အတွင်းမှ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ သာယာဝပြောမှုတို့ကို ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။