Skip to main content

အနုပညာရှင်များအနေဖြင့် ပြည်သူများ ပြုံးပျော်ရွှင်စေရေး အနုပညာစွမ်းအားဖြင့် ပြန်လည်ဖျော်ဖြေတင်ဆက်ပေးရန် အချိန်အခါသင့်ပြီဖြစ်

မန္တလေး အောက်တိုဘာ ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညပိုင်းတွင် မန္တလေးမြို့ Pullman ဟိုတယ်၌ မြို့မတူရိယာအသင်းကြီးမှ အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အသင်းကြီး၏ ဖျော်ဖြေ တင်ဆက်မှုအား ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြို့မတူရိယာအသင်းကြီးမှ အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

မကြာမီ နှစ် ၁၀၀ ပြည့်မြောက်မည်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြို့မတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ်တွင် စတင် တည်ထောင်ဖွဲ့စည်းခဲ့ရာ ယခုအခါ ၉၆ နှစ်ရှိပြီဖြစ်ပြီး မကြာမီ နှစ် ၁၀၀ ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ အသင်းကြီးအနေဖြင့် မြန်မာတူရိယာများနှင့် အနောက်တိုင်း တူရိယာပစ္စည်းများကိုပေါင်းစပ်ပြီး တီထွင်ဆန်းသစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့် သို့မြှင့်တင်နိုင်ရန် မြန်မာသံစုံတီးဝိုင်းကြီးအဖြစ် ဖွဲ့စည်းဖျော်ဖြေတင်ဆက်နိုင်ရေး ရည်မှန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ဂီတ၊ အနုပညာရှင်များ အပါအဝင် စာပေ၊ ရုပ်ရှင်၊ သဘင် စသည့် အနုပညာရှင် အားလုံးကို ပညာရှင်များအဖြစ် အလေး ထားသကဲ့သို့ အနုပညာရှင်များ၏ အခက်အခဲများကိုလည်း ကူညီဆောင်ရွက်ပေးရန် မကြာခဏ မှာကြားလေ့ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်လည်း  အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး လုပ်ငန်း ဆောင်ရွက်မှုများကို အားပေးမှုပြုလုပ်နေသကဲ့သို့ အခက်အခဲများကိုလည်း ပူးပေါင်းဖြေရှင်းဆောင်ရွက် ပေးလျက် ရှိပါကြောင်း။

ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉  ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် နိုင်ငံရေး ဖြစ်စဉ်များကြောင့် ပြည်သူများအနေဖြင့် မွန်းကျပ်လျက်ရှိရာ အနုပညာရှင်များအနေဖြင့် ပြည်သူများ ပြုံးပျော်ရွှင်စေရေး အနုပညာစွမ်းအားဖြင့် ပြန်လည်ဖျော်ဖြေ တင်ဆက်ပေးရန် အချိန်အခါသင့်ပြီ ဖြစ်ပါကြောင်း၊ အနုပညာရှင်များအနေဖြင့် ဖြူစင်သန့်ရှင်းစွာဖြင့် ပြည်သူကို အလုပ် အကျွေးပြုရန် မေတ္တာရပ်ခံလိုပါကြောင်း။

ကြည့်ရှုအားပေးခွင့်ရ

မန္တလေး မြို့မတူရိယာအသင်းကြီးအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်က ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည့် တူရိယာပစ္စည်းများ အပါအဝင် တူရိယာပစ္စည်းများ စုံလင်စွာဖြင့် ယနေ့ညတွင် ဖျော်ဖြေတင်ဆက်မှုအပေါ် ကြည့်ရှုအားပေးခွင့်ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ သီတင်းကျွတ် အခါသမယတွင် မန္တလေးမြို့နေ ပြည်သူများ ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် မြို့မတူရိယာအသင်းကြီးအနေဖြင့်လည်း ပိုမိုတိုးတက် အောင်မြင်စေရန် ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မန္တလေး မြို့မတူရိယာအသင်းကြီးသည် မကြာမီ နှစ် ၁၀၀ ပြည့်မြောက်တော့ မည် ဖြစ်ပါကြောင်း၊ မြို့မတူရိယာ အသင်းကြီးအနေ ဖြင့် မန္တလေးမြို့၏ အနှစ်သာရများကို  တေးသီချင်း၊ အကတို့ဖြင့် ရှေးမူမပျက်ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ပါကြောင်း၊ မြို့မ အသင်းကြီး၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခြင်းအတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးမြို့မတူရိယာ အသင်းကြီးမှ အနုပညာရှင်များက တေးသီချင်းများ သီဆိုမှုနှင့်အတူ အက များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

မြို့မတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ်တွင် ဗုဒ္ဓဝေယျာဝစ္စမြို့မအပျော်တမ်း တူရိယာ အသင်းအဖြစ် ဂီတဝါသနာပါသည့် လူငယ်များနှင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အသင်းကြီးသည် မြန်မာ သီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊ ကမ္ဘာသုံးတူရိယာ များ လေ့လာသင်ကြား တတ်မြောက်ရေး၊ ဂီတသင်္ကေတ အမှတ်အသားပညာများနှင့် ရေးသားထားသည့် တူရိယာပညာ များကိုဆည်ပူးလေ့လာရေးတို့ကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၆ နှစ် ရှိလာပြီ ဖြစ်သကဲ့သို့ ၂၀၂၅ ခုနှစ်တွင် နှစ် ၁၀၀ ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အသင်းကြီးအနေဖြင့် မြန်မာတူရိယာများနှင့် အနောက်တိုင်း တူရိယာပစ္စည်းများကို ပေါင်းစပ်ပြီး တီထွင်ဆန်းသစ် ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်နိုင်ရန် မြန်မာသံစုံတီးဝိုင်းကြီး အဖြစ် ဖွဲ့စည်းပြီး ဖျော်ဖြေတင်ဆက်နိုင်ရန် ရည်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်