နေပြည်တော် အောက်တိုဘာ ၁၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ရှိတွင် တစ်နိုင်ငံလုံး အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများမှာ တည်ငြိမ်စပြုနေပြီဖြစ်ပြီး ပိုးတွေ့ရှိသူအရေအတွက် မှာလည်း ကျဆင်းလာပြီဖြစ်ပါကြောင်း၊ သို့ရာတွင် အချို့တိုင်းဒေသကြီး/ပြည်နယ်များတွင် ပိုးတွေ့ရှိမှု နှုန်းနှင့် ပိုးတွေ့ရှိသူအရေအတွက် များပြားလျက်ရှိနေ သည့် အတွက် တစ်နိုင်ငံလုံးတွင် ပိုးတွေ့ရှိမှု နှုန်းအနေဖြင့် (၇ ဒသမ ၈) ရာခိုင်နှုန်းမှ (၇ ဒသမ ၉) ရာခိုင်နှုန်းခန့်တွင် တန်းလျက်ရှိနေပါကြောင်း။
မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပိုးတွေ့လူနာနှင့်ပိုးတွေ့ရှိမှုနှုန်း များပြားလျက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါတိုင်းဒေသကြီးနှင့်ပြည်နယ် များတွင် ရောဂါဖြစ်ပွားမှုအခြေအနေများကို ဒေသအလိုက် ဆန်းစစ်သုံးသပ်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် အလိုက် ဆောင်ရွက် နိုင်မည့်အခြေအနေများနှင့် ဗဟိုမှပံ့ပိုးပေးနိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း။
ရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ် လျက်ရှိသည့် နယ်စပ်ဝင်ပေါက်များရှိရာ တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေး အမြန်ဆုံးပြန်လည်စတင်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်စပ်လျက်ရှိ သည့် နယ်စပ်ဒေသများတွင် ကာကွယ်ဆေး တစ်သန်း doses ခန့်ကိုလည်း စတင်ထိုးနှံ လျက်ရှိပါကြောင်း၊ အလားတူ အခြားနယ်စပ်ဒေသ များတွင် ကာကွယ်ဆေးလွှမ်းခြုံမှု ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အနေဖြင့်လည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါကြောင်း။
ရောဂါဖြစ်ပွားမှုများပြားလျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကာကွယ်ဆေးထိုးနှံ ခြင်းကို ကျေးရွာများ အထိရောက်ရှိစေရေး အထူးအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်သည့် လုပ်ငန်းစဉ်အလိုက် ပြန်လည်သုံးသပ်၍ လိုအပ်သလိုအားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရောဂါပိုး တွေ့ရှိမှုများနှင့် ထိတွေ့ခဲ့သူများအားရှာဖွေ၍ သီးသန့်ခွဲခြားနေထိုင်ရေး ဆောင်ရွက်သည့်လုပ်ငန်းများ၊ ဓာတ်ခွဲစစ်ဆေးသည့်လုပ်ငန်းများစသည့် လုပ်ငန်းများ၏ အားနည်း ချက်များကို ရှာဖွေဖြည့်ဆည်း၍ အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
နယ်စပ်ဒေသဝင်ထွက်ဂိတ်များတွင် ရောဂါပိုးအတည်ပြုလူနာ တွေ့ရှိမှုများမှ ဓာတ်ခွဲနမူနာ များရယူ၍ ဆေးသုတေသနဦးစီးဌာနသို့ ပေးပို့ပြီး ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်းလဲသော ရောဂါပိုးများ ဝင်ရောက်လာမှု အခြေအနေကို စစ်ဆေးရမည်ဖြစ်ပါကြောင်း။
မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်/ကျေးရွာအလိုက် ပိုးတွေ့ရှိသူနှင့် ပိုးတွေ့ရှိနှုန်းများပြားရာဒေသများတွင် ကူးစက်မှုရင်းမြစ်နှင့် ကူးစက်ရသော အကြောင်းအရင်းများကို ရှာဖွေကာ ၎င်းကို ဦးတည်၍ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အထူးအားဖြည့်ဆောင်ရွက်ရာတွင် နှီးနွှယ်ဌာနဆိုင်ရာ များနှင့်လည်း လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါထိန်းချုပ်ခြင်း၊ ထိတွေ့လူနာများအား ရှာဖွေဖော်ထုတ်ခြင်းနှင့် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများစသည့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာ နိယာမနှင့် လုပ်ထုံးလုပ်နည်းများကို သေချာစွာ ရှင်းလင်းအသိပေး ထားရမည်ဖြစ်ပြီး ၄င်းတို့အတိုင်း တိကျစွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု ပိုမိုလျော့ကျလာမှသာ နေအိမ်တွင် နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များအား ဖြေလျှော့ပေးခြင်း၊ ကုန်စည်ကူးသန်းရေး လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေး၊ ပညာရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
မိမိတို့ဒေသအလိုက် အဆင့်ဆင့် လုပ်ငန်းလိုအပ်ချက်များနှင့် တင်ပြချက်များကို သိရှိပြီး မိမိတို့အနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိပါက ဗဟိုသို့ ဆက်လက်တင်ပြရမည်ဖြစ်ပြီး ဗဟိုမှလည်း အထူးအလေးထား၍ သက်ဆိုင်ရာ နှီးနွယ်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ညွှန်ကြားရေး မှူးချုပ် (ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)