Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး မြန်မာနိုင်ငံ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၊ ရွာသာကြီး အသားထုတ်လုပ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်-အောက်တိုဘာ ၈

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ယနေ့ နံနက် ၉နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်  ဆွေးနွေးပြောကြား သည်။

 

 ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က သီးနှံကာကွယ်ရေး လုပ်ငန်းသည် သီးနှံလေလွင့် ဆုံးရှုံးမှုလျော့ပါး စေရေးနှင့်  ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် အရေးပါသော လုပ်ငန်းဖြစ်ကြောင်း၊ အထူးသဖြင့် ဆန်၊ ပြောင်း၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံများ တင်ပို့မှု အရေအတွက် နှင့် တန်ဘိုးများ မြင့်တက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့်  ပဲသီးနှံမှ အမေရိကန် ဒေါ်လာသန်း (2500 ) တန်ဘိုးအထိ တိုးတက် တင်ပို့နိုင်ခဲ့ကြောင်း၊ အခြား နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိ နိုင်သော သီးနှံများ တင်ပို့နိုင်ရေး အတွက် တင်သွင်းသည့်နိုင်ငံများ နှင့် သဘော တူညီချက်ရရှိရေးနှင့် သီးနှံပို့းမွှား ရောဂါ ကင်းရှင်းကြောင်းလက်မှတ် SPS Certificate လက်မှတ်များ ထုတ်ပေးရာ တွင် လုပ်ငန်းများ အဆင်ပြေချော့မွေ့စေရေး ထုတ်ကုန်များ တွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင် နေမှုများ လျော့ချနိုင်ရေး လုပ်ငန်းများတွင် အစိုးရနှင့် ပုဂ္ဂလိကတို့ က ညှိနှိုင်း ဆွေးနွေးကြစေလိုပါ ကြောင်း၊ ပြည်ပပို့ ကုန်များ၏ စားနပ်ရိက္ခာအန္တရာယ် ဓာတ်ကြွင်းမရှိစေရေး ဈေးကွက်အသစ်များ ရရှိစေရေးနှင့် ဓာတ်ခွဲခန်းများ အရည်အသွေးမြှင့်တင်ရန် လိုအပ်ပါ ကြောင်း၊ သီးနှံကာကွယ်ရေးတွင် ပဲမျိုးစုံပို့ကုန် ကဏ္ဍတွင် ဈေးကွက် အသစ်များ ပွင့်လင်းလာပြီးအလားအလာရှိသည့် ပဲတီစိမ်းသီးနှံတွင် ကန့်သတ်ထားသည့် ပိုးသတ်ဆေး ဓာတ်ကြွင်းများ မပါရှိစေရေးအတွက်သတ်မှတ်ခွင့်ပြုထားသည့် သီးသန့် ဇုန်များ  တည်ထောင်နိုင်ရေးအ တွက် သက်ဆိုင်ရာ ပုဂ္ဂလိကနှင့် သီးနှံကာကွယ်ရေး ဌာနခွဲတို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက် သွားစေလို ကြောင်း ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း က သီးနှံကာကွယ်ရေး ဌာနခွဲတာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ  ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင် ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင် နှင့် မြန်မာနိုင်ငံ  ပြောင်းအသင်းအတွင်းရေးမှူး ဦးသန့်ဇင်ထွန်း တို့က ဆန်၊ ပြောင်း၊ ပဲမျိုးစုံနှင့် နှမ်းများ ပြည်ပနိုင်ငံများသို့ တင်ပို့ ဆောင်ရွက် နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာ ကြသည့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ပို့ကုန် လုပ်ငန်း များ ဆောင်ရွက် နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားသည်။

 

ယင်းနောက်  အစည်းအဝေးခန်းမအတွင်း ပြသထားသည့် သီးနှံကာကွယ်ရေး ဌာနခွဲက ဆောင်ရွက်ထားရှိမှုများ ကို ကြည်ရှု သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးဌာန  သီးနှံကာကွယ်ရေးဌာနခွဲ အစည်အဝေးခန်းမ ၌အရာထမ်း ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆွေးနွေးမှာကြားသည်။ မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ရှေ့ပိုင်းမြို့နယ်)ရှိ Myanmar CP Livestock Chicken & Pork slaughter hose စက်ရုံံသို့ ရောက်ရှိပြီး စက်ရုံံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရွာသာကြီး ဘက်စုံမွေးမြူရေးစခန်းသို့ရောက်ရှိကြပြီး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

 (သတင်းစဉ်)