Skip to main content

ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ  ၈

 

ပုဂံဒေသအမျိုးသား အဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို ပုဂံရှေးဟောင်းသုတေသ နပြတိုက်၌ ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယဉ်ကျေးမှု အမွေအနှစ်ဒေသ များတွင် ရှေးဟောင်းအဆောက်အအုံများကို ထိခိုက်ပျက်စီးမှု အန္တရာယ်ဖြစ်စေသည့် စီမံကိန်းကြီးများ ဆောင်ရွက် သည့်အခါ ယဉ်ကျေးမှု အမွေအနှစ်ဒေသနှင့် ရှေးဟောင်းအဆောက်အအုံကို ထိခိုက်ပျက်စီးမှုမဖြစ်စေရေးအတွက် ကမ္ဘာ့ အမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် (Heritage Impact Assessment, HIA) လုပ်ငန်းမဖြစ်မနေ ဆောင်ရွက် သွားရန် လိုကြောင်း ။

HIA သည် လုပ်ငန်းကို တားဆီးမည့် ဆန်းစစ် ချက်ဟု ထင်မှတ်မှားတတ်ကြပါကြောင်း၊ အမှန်မှာ လုပ်ငန်းလည်း အလုပ်ဖြစ်စေ၊ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်ကိုလည်း ထိန်းသိမ်းရာ ရောက်စေသော Win-Win Condition ကို ရယူပေးသည့် ဆန်းစစ်အကြံပြုချက်ဖြစ်ပါကြောင်း၊  Impact Assessment သည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနတွင်သာမက အခြားဝန်ကြီး ဌာနများတွင်လည်း ရှိပါကြောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် Environmental Impact Assessment (EIA) ရှိပြီးဆန်းစစ်ချက်များမှာ အပြုသဘောဆောင်သော အကြံပြုချက်များဖြစ်ပါကြောင်း ။

Bagan Hotel Strategy ရေးဆွဲနိုင်ရေးအတွက် ပြည်ပ ပညာရှင် Professor Richard Mackay က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများနှင့် လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ World Bank က ၂ဝ၁၈ ခုနှစ်တွင်ရေးဆွဲခဲ့သည့် ပုဂံဒေသဆိုင်ရာ သဘာဝဘေး အန္တရာယ်ကျရောက်မှု စီမံခန့်ခွဲရေးအစီအစဉ် (Disaster Risk Strategy)ကို ဒေသနှင့် ကိုက်ညီမည့် အချက်အလက်များ၊ ကမ္ဘာ့အမွေအနှစ်ကော်မတီက အကြံပြု ချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်ပေးရန် လိုအပ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် နေထိုင်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက်ရာတွင် ကမ္ဘာ့လုံးဆိုင်ရာ စံတန်ဖိုး (OUV, Outstanding Universal Value) ကို မထိခိုက်စေသော နည်းလမ်းများနှင့် ဘက်စုံကောင်းမွန်သော စီမံခန့်ခွဲမှုစနစ်များ အတူတစ်ကွ ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်ပါ ကြောင်း ပြောကြားသည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို နှင့် မကွေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တို့က ပုဂံဒေသ စီမံခန့်ခွဲရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးတို့က ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ(WHC)မှ အကြံပြုထားသည့် အကြံပြုချက် (၁၉)ချက် နှင့်ပတ်သက်၍လည်းကောင်း၊ ကမ္ဘာ့ အမွေအနှစ်ဝင်ရောက်ပြီးနောက် Third Party မှ တိုင်ကြားလာသည့် အချက်များကိုလည်းကောင်း၊ ယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် ရာတွင် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စများကို လည်းကောင်း၊ ပုဂံဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို လည်းကောင်း၊ အမှာစာ(၁၈)စောင်ကိုလည်း ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ် အမှာစကားပြောကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   ပုဂံမြို့သစ် တောင်ဘက်၊ ပုဂံ ယဉ်ကျေးမှုအမွေအနှစ် ဒေသပြင်ပတွင် တည်ရှိသော ပုဂံဟိုတယ်ဇုန်(၄)သို့ သွားရောက်၍ ဟိုတယ် တည်ဆောက် ရေးလုပ်ငန်းများ   ကြည့်ရှုခဲ့ပြီး လက်ရှိတည် ဆောက်နေသော ဟိုတယ်များ ဖွင့်လှစ် ဆောင်ရွက်နိုင်ရေး၊ ဟိုတယ်ဇုန်(၄)၏ ဖွံဖြိုးတိုးတက်လာရေးအတွက်  ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)