Skip to main content

လူသားအရင်းအမြစ်ပေါ်ထွက်ရေး ပညာရည်မြှင့်တင်

ပညာသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါသည့်အရင်းအမြစ်ဖြစ်သည်။ ပညာဆင်ခြင် ဉာဏ်မြင့် မားတိုးတက်အောင် ပညာကိုအခြေခံ၍ စဉ်ဆက် မပြတ်ကြိုးစား အားထုတ်ရသည်။ စဉ်ဆက်မပြတ် သင်ယူနိုင်ရန်အတွက် အခြေခံပညာ၊ အဆင့်မြင့် ပညာတို့ကို တစ်ဆင့်ပြီးတစ်ဆင့် တတ်မြောက် အောင် လေ့လာဆည်းပူးကြရသည်။ နိုင်ငံတိုင်းသည် နိုင်ငံသားတိုင်း ပညာသင်ကြား နိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြသည်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၁ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများကို ပြောကြား ခဲ့သည်။ ရှမ်းပြည်နယ်သည် သာယာလှပပြီး ရေခံ၊ မြေခံ၊ရာသီဥတုအခြေခံကောင်း များနှင့် သဘာဝသယံဇာတအရင်းအမြစ်များ ပေါများကြွယ်ဝသော ပြည်နယ်ဖြစ်သည်။ အခြေခံ ကောင်းများရှိသော်လည်း ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ များစွာရှိနေသည်။

အဓိကမှာ ပြည်နယ်အတွင်း လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက် ပေးရေးဖြစ်သည်။ ယင်းအချက်ကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်အသိပေးခဲ့သည်။

ရှမ်းပြည်နယ်တွင် အဆင့်မြင့်ပညာသင်ကြားနိုင်သည့် တက္ကသိုလ်ဇုန်လေးဇုန် ရှိသည်။ တက္ကသိုလ် များတွင် စီးပွားရေးနှင့် ဥပဒေဆိုင်ရာ ပညာရပ်များ သင်ကြားနိုင် ရေးအတွက် စီမံဆောင်ရွက် ထားသည်။ ရှမ်းပြည်နယ်အတွင်းရှိ တက္ကသိုလ်များတွင် ပညာသင်ကြားခြင်းဖြင့် လူသားအရင်း အမြစ်များ ပေါ်ထွက်လာမည်ဖြစ်သည်။ သင်ကြားတတ်မြောက်လာသောပညာများသည် ဒေသ ဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက်ရေး အတွက် များစွာအထောက် အကူပြုသည်။ ထို့ကြောင့် အဆင့်မြင့် ပညာများကို ဒေသခံတိုင်းရင်းသားလူငယ်များ တက်ရောက်သင်ယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးကြရမည်ဖြစ်သည်။ အဆင့်မြင့်ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာ အဆင့်တွင် အဆင့်ဆင့်တက်ရောက်သင်ယူအောင်မြင်ပြီးမြောက် ရေးသည် အရေးကြီးသည်။

အခြေခံပညာကို၂၀၀၉ ခုနှစ်မှစ၍ စဉ်ဆက်မပြတ် တက်ရောက်ပညာသင်ကြားခဲ့သော ကျောင်းသား ကျောင်းသူများသည် ယခုအခါတွင် အဆင့်မြင့် ပညာကို တက်ရောက် သင်ယူ နေပြီဖြစ်သည်။ သို့သော် အခြေခံပညာသင်ကြားသူတိုင်း တက္ကသိုလ်သို့ ရောက်မလာခဲ့ပေ။ ရှမ်း ပြည်နယ်အတွင်း ၂၀၀၉ ခုနှစ်တွင် သူငယ် တန်းတက်ရောက်ခဲ့သောကလေး ၁၁၂၁၄၅ ဦးရှိသည်။
အဆိုပါတက်ရောက်သူ ကလေးငယ်များအနက် ပထမတန်းသို့ တက်ရောက်သောကလေး ငယ်များမှာ ၁၀၁၄၂၈ ဦးရှိသဖြင့် ၈၄ ရာခိုင်နှုန်းရှိသည်။ မူလတန်းမှ အလယ်တန်းသို့ တက်ရောက် သည့် ပဉ္စမတန်းတက်ရောက်ချိန်တွင် ကျောင်းသား ကျောင်းသူ ၆၄၀၀၀ သာရှိတော့သဖြင့် ၅၂ ရာခိုင်နှုန်းသာ ပညာသင်ကြားနိုင်တော့သည်ကို တွေ့ရသည်။ အလယ်တန်းမှ အထက်တန်း ပညာသင်ကြားသည့်အဆင့် နဝမတန်း ရောက်ချိန်တွင် ကျောင်းသား ကျောင်းသူ ၄၁၀၀၀ သာရှိပြီး ပညာသင်ကြားမှု ၃၄ ရာခိုင်နှုန်းသာ ရှိတော့သည်။ ဒသမတန်းတွင် တက်ရောက်ပညာသင်ကြား သူများမှာ ၃၇၀၀၀ ရှိရာကျောင်းတက်နှုန်း ၃၀ ရာခိုင်နှုန်းရှိပြီး ဒသမတန်းအောင်မြင်ပြီးမြောက် သူမှာ ၉၆၀၀ သာ အောင်မြင်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၉၃ ရာခိုင်နှုန်းသာရှိသည်။
ထို့ကြောင့် ရှမ်းပြည်နယ်၌ ပညာရေးဘက်တွင် အားနည်းမှုရှိနေသဖြင့် ပညာရေးကို အခြေခံ ပညာအဆင့်မှစတင်၍ အားပေးကြရန်လိုအပ်နေသည်။ အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လည်း အလားတူပင် ပညာရေး အားနည်းမှု၊ အဟောသိကံဖြစ်မှုများကိုကြားသိနေရသည်။ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အရွယ်ရောက်သူတိုင်းကျောင်းနေရေး၊ ကျောင်းနေသူတိုင်း အတန်းစဉ် တက်ရေးကို အားပေးကူညီထောက်ပံ့မှုများဖြင့် ဆောင်ရွက်နေသော်လည်း ကျောင်းမနေသောသူ၊ အတန်းစဉ်မတက်နိုင်ဘဲ တစ်ဝက်တပျက်နှင့် ကျောင်းထွက်လိုက်ရသော ကလေး သူငယ် အမြောက်အမြားကို တွေ့ရှိနေရသည်။ ကလေးများ၏အနာဂတ် အတွက် စိတ်မကောင်း စရာဖြစ်သလို နိုင်ငံ၏အနာဂတ်အတွက်လည်း အားနည်း ချက်များ ဖြစ်ပေါ်လျက်ရှိသည်။

ရှမ်းပြည်နယ်ကဲ့သို့ ပြည်နယ်များအဖို့ စာသင်ကျောင်းများ ဝေးလံခြင်းထက် ဆင်းရဲနွမ်းပါးမှုနှင့် အသိပညာဗဟုသုတ နည်းပါးမှုတို့သည် အဓိက အကြောင်းအချက်ဖြစ်သည်။ ပညာမသင်၍ ဒေသမဖွံ့ဖြိုး၊ ဒေသမဖွံ့ဖြိုး၍ စီးပွားရေးမပြေလည်၊ စီးပွားရေးမပြေလည်၍ ပညာမသင်၊ အသိပညာနှင့် ဝေးသည့်သံသရာတွင် လည်ပတ်လျက်ရှိသည်။ ပညာရေးအားနည်းချက်ရှိသဖြင့် ဒေသလူမှု စီးပွားတိုးတက်ရေးကို ဆောင်ရွက်နိုင်သော အရင်းအမြစ် များ လိုအပ်နေသည်။ ။

သို့ဖြစ်ရာ မျိုးဆက်သစ်လူငယ်လူရွယ်များ အသိပညာဗဟုသုတပြည့်ဝသည့် လူ့စွမ်းအား အရင်း အမြစ်များဖြစ်လာစေရန်အတွက် အခြေခံပညာမှစပြီး အဆင့်မြင့်ပညာအထိ သင်ယူနိုင်သော လူငယ်လူရွယ်များဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံအယ်ဒီတာ့အာဘော်