Skip to main content

Air ကမ္ဘောဇလေကြောင်းလိုင်းမှ ATR-72 လေယာဉ်များနှင့် လေယာဉ်လိုက်ပါ စီးနင်းသော အပြစ်မဲ့ခရီးသည်များ ထိခိုက်ပျက်စီးသေကြေစေရန်အတွက် Pitot Tube အတွင်း သစ်ရွက်များ ထည့်ကာ အဖျက်လုပ်ငန်းကျူးလွန်ခဲ့သည့် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၄

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် အဲယားကမ္ဘောဇလေကြောင်းလိုင်းမှ ဝန်ထမ်းများသည် ရန်ကုန်-ဟဲဟိုး ခရီးစဉ်ပျံသန်း ပြေးဆွဲရန်အတွက် ATR-72-600 လေယာဉ်အမှတ် (XY-AMP) အား မပျံသန်းမီစစ်ဆေးခြင်း (Pre Departure Inspection) ဆောင်ရွက်ခဲ့ရာ လေယာဉ်၏ ညာဘက် Pitot Tube နှင့် ဘယ်ဘက် Pitot Tube များ အတွင်းမှ သစ်ရွက်များ တွေ့ရှိခဲ့သဖြင့် ခရီးစဉ်အား ATR-72-600 လေယာဉ်အမှတ် (XY-AMO) ဖြင့် ပြောင်းလဲ၍ ပျံသန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါလေယာဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်ပြီး ၇ မိနစ်အကြာ အမြင့်ပေ ၄၁၀၀ အရောက်တွင် လေယာဉ်အလိုအလျောက် မောင်းနှင်သည့်စနစ် (Auto Pilot System) ချို့ယွင်းမှုဖြစ်ပွားသဖြင့် ခရီးစဉ်အား ဆက်လက်ပျံသန်း ခြင်းမပြုဘဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက်၍ လိုအပ်သော စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက် Pitot Tube အတွင်း သစ်ရွက်များ တွေ့ရှိခဲ့သဖြင့် ခရီးစဉ်အား ATR-72-600 လေယာဉ်အမှတ် (XY-AMN) ဖြင့် ဆက်လက်ပျံသန်းနိုင်ရေးအတွက် မပျံသန်းမီစစ်ဆေးခြင်း (Pre Departure Inspection) ဆောင်ရွက်ခဲ့ရာ ATR-72-600 လေယာဉ်အမှတ်(XY-AMN) တွင်လည်း လေယာဉ်၏ ဘယ်ဘက် Pitot Tube တွင်လည်း သစ်ရွက်များ ထည့်သွင်းထား ကြောင်း ထပ်မံစစ်ဆေး တွေ့ရှိခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သံသယရှိသူများအား လိုအပ်သောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားခံ သိန်းလင်းထိုက် (Line Maintenance Manager)၊ (၃၈) နှစ်၏ ထွက်ဆိုချက်အရ ဇွန်လတွင် အဲယားကမ္ဘောဇလေကြောင်းလိုင်းမှ CDM ပြုလုပ်ပြီး ခင်ကျော် (UNRA) ထံတွင် အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သည့် ဖမ်းဆီးရန်ကျန် နိုင်လင်းအောင် မှ ဖုန်းဆက်၍ လေယာဉ်၏ Pitot Tube အတွင်းသို့ သစ်ရွက်များထည့်၍ လေယာဉ်ခရီးစဉ်များ ကမောက်ကမဖြစ်အောင် ဆောင်ရွက်ပေးရန် ပြောကြား ခဲ့ကြောင်း၊ ၎င်းနောက် နေမျိုးရှိုင်းနှင့် ရာဇာဝင်းနိုင်တို့အား Pitot Tube အတွင်းသို့ သစ်ရွက်များထည့်မည့် ကိစ္စနှင့်ပတ်သက်၍ ပြန်လည်ပြောပြပြီး ၎င်းတို့အနေဖြင့် မသိချင်ယောင်ဆောင်ပေးရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိတရားခံ သိန်းလင်းထိုက်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၅ ရက်တွင် အဲယားကမ္ဘောဇလေကြောင်းလိုင်းမှ နန်ဆွင်းခိုင်(ခ)ခိုင်ပီး (B1 စက်ပြင်-၃ ရုံးတာဝန်) နှင့် တွေ့ဆုံ၍ လေကြောင်းကုမ္ပဏီအပေါ် ခရီးသည်များမှ ယုံကြည်မှုကင်းမဲ့၍ နာမည်ပျက်စေရန် ရည်ရွယ်ပြီး လေယာဉ်များရှိ Pitot Tube အတွင်း သစ်ရွက်များထည့်ရန် ပြောကြားခဲ့ရာ နန်ဆွင်းခိုင်(ခ)ခိုင်ပီး မှ သဘောတူခဲ့သဖြင့် ဩဂုတ်လ ၇ ရက်တွင် တရားခံ သိန်းလင်းထိုက် မှ နန်ဆွင်းခိုင်(ခ) ခိုင်ပီး အား ATR-72-600 လေယာဉ် အမှတ်(XY-AMP)၏ ညာဘက် Pitot Tube အတွင်းသို့ သစ်ရွက်များထည့်ရန်နှင့် နိုင်ထက်အောင် အား ATR-72-600 လေယာဉ်အမှတ်(XY-AMN)နှင့် ATR-72-600 လေယာဉ်အမှတ် (XY-AMP)တို့၏ Pitot Tube အတွင်းသို့ သစ်ရွက်များ ထည့်ရန် ခိုင်းစေခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖမ်းဆီးရမိတရားခံ သိန်းလင်းထိုက် အနေဖြင့် ဩဂုတ်လ ၈ ရက် ၁၅၃၅ နာရီတွင် ATR-72-600 လေယာဉ်အမှတ်( XY-AMO) ၏ ဘယ်ဘက် Pitot Tube နှင့် လေယာဉ်အမှတ် (XY-AMP)၏ဘယ်ဘက် Pitot Tube အတွင်းသို့ သစ်ရွက်များလိပ်၍ ကိုယ်တိုင်ထည့်ခဲ့သည့်အပြင် လေယာဉ်ဘီးမူလီနှင့် အင်ဂျင်ပါဝါလီဘာရှိ ဘိုးနပ်များအား လျော့ထားရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။

ထိုကဲ့သို့ လေယာဉ်များ၏ Pitot Tube အတွင်းသို့ သစ်ရွက်များထည့်ခြင်းဖြင့် လေယာဉ် လေထဲတွင် ပျံသန်းနိုင်မည့် အနိမ့်ဆုံး အမြန်နှုန်းကို မထိန်းနိုင်ဘဲ ပျက်ကျပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ပြီး လေယာဉ်နှင့် လေယာဉ်လိုက်ပါစီးနင်းသော အပြစ်မဲ့ခရီးသည်များ အတွက် အလွန်အန္တရာယ်ကြီးမားသော အဖျက်အမေှာင့်လုပ်ရပ်ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား တရားဥပဒေအရ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။