Skip to main content

နေအိမ်၊ တိုက်ခန်း ငှမ်းရမ်းသူ အိမ်ရှင်များ သတိပြုရမည့်တာဝန်

နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသူအိမ်ရှင်များ သတိပြုနိုင်စေရေးအတွက် အကြမ်းဖက် တိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေး ထုတ်ပြန်ချက်တစ်ရပ်ကို မီဒီယာများမှတစ်ဆင့် နေ့စဉ် ထုတ်လွှင့် ဖော်ပြလျက်ရှိသည်။ မိမိတို့ပိုင် နေအိမ်၊ တိုက်ခန်းများကို လာရောက်ငှားရမ်း နေထိုင်သူများသည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားများ ဖြစ်နေပါက အိမ်ရှင်များမှာလည်း မလွှဲသာမရှောင်သာ တာဝန်ရှိ နေမည်ဖြစ်ကြောင်းကို အဆိုပါအသိပေးထုတ်ပြန်ချက်အရ သတိပြုမိကြရန်နှင့် ဤသို့ မဖြစ်စေရန်အတွက် အိမ်ရှင်များ ဆောင်ရွက်ရမည့် တာဝန်များကို အသိပေးထားခြင်းဖြစ်သည်။

အိမ်ပိုင်၊ အခန်းပိုင် အိမ်ရှင်များအနေဖြင့် မိမိတို့၏ နေအိမ်၊ တိုက်ခန်းတို့ကို တစ်စုံတစ်ဦးသို့ ငှားရမ်းတော့မည်ဆိုလျှင် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထား အပြည့်အစုံကို တောင်းယူပြီး သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဧည့်စာရင်း တိုင်ကြားကြရမည်ဖြစ်သည်။ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၇ အရ ဧည့်စာရင်းတိုင်ကြားရန် အိမ်ရှင်များတွင် တာဝန်ရှိသည်။ ရန်ကုန်၊ မန္တလေးအပါအဝင် အချို့မြို့နယ်၊ ကျေးရွာများတွင်ပါ စိစစ်ဖော်ထုတ်နိုင်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ယင်းဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့ကြသည့် အကြမ်းဖက်သမားများ၊ ၎င်းတို့ကိုင်ဆောင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်း မီးကျောက်များကို ၎င်းအကြမ်းဖက်သမားများက ကာလတို ငှားရမ်းနေထိုင်ခဲ့သည့် နေအိမ်၊ တိုက်ခန်းများတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက် သမားများအနေဖြင့် ၎င်းတို့ပုန်းခို လှုပ်ရှားနိုင်ရန်၊ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ရန်၊ လက်နက်ပစ္စည်းများ သိုဝှက်ရန် ကြိုတင်ကြံစည်၍ နေအိမ်၊ တိုက်ခန်းများကို ကာလတို ငှားရမ်း နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

သို့ဖြစ်ရာ အိမ်ရှင်များအနေဖြင့် မိမိတို့ ငှားရမ်းလိုက်သည့် အိမ်များသည် လူကောင်းလား၊ လူဆိုးလား အကဲခတ်ရန် လိုအပ်လာသည့်အလျောက် ကြားပွဲစားနှင့် လွှဲထား၍ မရတော့ဘဲ သေချာစွာ စိစစ်ကြရတော့မည်ဖြစ်သည်။ အကြမ်းဖက်သမားကို ငှားမိမှားသည့်အပြင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားရမည့်တာဝန်ကိုပါ ပျက်ကွက် နေပါက အကြမ်းဖက်မှုတို့ ပေါ်ပေါက်ချိန်တွင်မိမိ၌လည်း တာဝန်ရှိနေမည် ဖြစ်သလို မိမိပိုင် နေအိမ်၊ တိုက်ခန်းသည်လည်း အမှုတွင် သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည်ကို သတိကြီးစွာ ပြုကြရမည်ဖြစ်သည်။ မိမိငှားရမ်းထားသူများတွင် သံသယဖြစ်ဖွယ် များ တွေ့ရှိပါကလည်း တာဝန်ရှိသူများထံ အချိန်မီ သတင်းပို့ အကြောင်းကြားခြင်းဖြင့် တာဝန် ကျေပွန်ကြရမည် ဖြစ်သည်။ တာဝန်ကျေပွန်သည့် အိမ်ရှင်များအဖို့ နေအိမ်၊ တိုက်ခန်း ငှားရမ်းမှုနှင့် အကြမ်းဖက်မှုတို့ ဆက်စပ်ခဲ့လျှင်ပင် မိမိတို့ ပိုင်ဆိုင်မှုများ ဆုံးရှုံးမှုမှ ကင်းဝေး စေမည်ဖြစ်သည်။

အကြမ်းဖက်သမားတို့သည် မြို့များ၊ ရွာများထဲမှာပင် အသွင်ယူနေထိုင်ကြလျက် မိုင်းထောင်၊ ဖောက်ခွဲ၊ မီးရှို့၊ သတ်ဖြတ် စသည့်အလုပ်တို့ကို အလစ်အငိုက်ရယူဆောင်ရွက်ကြပြီး ၎င်းတို့ ခိုအောင်းရာနေရာများ၌ပင် ပုန်းလျှိုးနေထိုင်နေကြခြင်းဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့ကြရာတွင် အများစုမှာ အရပ်ဘက်ပစ်မှတ်များကိုသာ အလွယ်တကူ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အိမ်ရှင်များသည် မိမိတို့ပိုင် နေအိမ်၊ တိုက်ခန်းများကို အကြမ်းဖက်သမားတို့၏ ဝပ်ကျင်း အဖြစ်သို့ ကျရောက်မသွားစေရေး၊ အကြမ်းဖက်မှုများတွင် သက်သေခံအဖြစ် သိမ်းဆည်းမခံရစေရေးတို့အတွက် သတိပြုကြကာ အိမ်ရှင်တို့ ဆောင်ရွက်ရမည့်တာဝန်များကို ကျေပွန်စွာဆောင်ရွက်ကြခြင်းဖြင့် ရပ်ရွာ အေးချမ်းသာယာရေးနှင့် မိမိတို့ပိုင် နေအိမ်၊ တိုက်ခန်းများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ကာကွယ်နိုင်ကြပါစေကြောင်း။ ။