လူကုန်ကူးမှုသည် မိမိ၏အကျိုးစီးပွားအတွက် လူအများ၏ကိုယ်ကာယ၊ လုပ်အားတို့ကို ခေါင်းပုံဖြတ် အမြတ်ထုတ်၍ အကျိုးအမြတ်ယူခြင်းဖြစ်သည်။ အလုပ်အကိုင် ရှားပါးခြင်း၊ လုပ်ခဝင်ငွေနည်းပါးခြင်း၊ ငွေကြေး ရလိုခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း စသည်တို့ကိုအကြောင်းပြု၍ အသိအမြင်ဗဟုသုတနည်းပါးသူ များကြားတွင် ပေါ်ပေါက်လာသောအမှုဖြစ်သည်။ မျက်မှောက်ကာလတွင် အားနည်းမှုကို အခွင့်ကောင်းယူ၍ လူအချင်းချင်း အနိုင်အထက်ပြုလုပ်ခြင်းဖြစ်သည်။
လူကုန်ကူးမှုပြဋ္ဌာန်းချက်အရ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏သဘောတူညီ ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ “ပြည့်တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စပြု လုပ်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မဝန်ဆောင်မှုပေးစေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန် ကဲ့သို့စေခိုင်းခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်းကိုဖြစ်စေ၊ သူတစ်ပါးခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်းကိုဖြစ်စေပြုရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ်တစ်စုံတစ်ရာကိုသော် လည်းကောင်းလက်ခံရယူခြင်း သို့မဟုတ်လက်ခံရယူရန်သဘောတူညီခြင်း”ပြုရန် အလို့ငှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘဝရပ်တည်ရန် ခက်ခဲနေသောအခြေအနေကို အလွဲသုံးစားပြုခြင်းတို့ကို ပြုလုပ်ခြင်းဖြစ်သည်။
ထို့အပြင် တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီ ချက်ရရှိရန် ငွေကြေးသို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း သို့မဟုတ်လက်ခံရယူ ခြင်းတစ်ရပ်ရပ်ကိုပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့် ပေးခြင်း သို့မဟုတ်လက်ခံခြင်းတို့ကို ဖော်ပြထားသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် အငှားကိုယ်ဝန်ဆောင်ခြင်း၊ အဓမ္မမွေး စားခြင်း၊ လိမ်လည်လက်ထပ်၍ လူကုန် ကူးခြင်းကဲ့သို့သော ဖြစ်ပေါ်လာသည့် လူကုန်ကူးမှုပုံစံသစ်များလည်း ပါဝင်သည်။ လူကုန်ကူးမှုကို အများအားဖြင့် မသိနားမလည်သော အမျိုးသမီးများနှင့် ကလေး သူငယ်များ ကြားတွင် ဖြစ်ပေါ်လာတတ်ပြီး ယခုအခါ အမျိုးသားများ၊ သက်ကြီး ရွယ်အိုများပါမကျန် ကျား/မ အသက် အရွယ်မရွေး လူကုန်ကူးခံရနိုင်ခြေရှိသည်ကို သတိပြုရမည်ဖြစ်သည်။
ယခုအခါ လူမှုကွန်ရက်အွန်လိုင်းအသုံးပြုမှု တွင်ကျယ်လာသည်နှင့်အမျှ လူကုန်ကူးမှုများ လွယ်ကူစွာတိုးပွား လာသည်ကို တွေ့ရမည်ဖြစ်သည်။ မသမာ သူများသည် လူမှုကွန်ရက်ကိုအသုံးပြု၍ အလုပ်အကိုင်ဝင်ငွေရရှိရေး အတွက် မက်လုံးပေးစည်းရုံးခြင်း၊ ချစ်ခင်မှု၊ ရင်းနှီးမှု၊ သမီးရည်းစားထားခြင်းတို့ကို ပြုလုပ်၍ စည်းရုံးလှည့်ဖြားခေါ်ဆောင်ပြီး လူကုန်ကူးခြင်းနည်းလမ်းအမျိုးမျိုးကို ပြုလုပ် လျက်ရှိသည်။ အများအားဖြင့် တစ်ဖက်နိုင်ငံတွင် အလုပ်အကိုင်ရရှိရေးကို မက်လုံး ပေး၍ လူအများကို စည်းရုံးခေါ်ဆောင်ကာ ရောင်းစားခြင်း၊ ငှားရမ်းခြင်း၊ ပို့ဆောင်ခ ငွေရယူ၍ လိမ်ညာထားခဲ့ခြင်းတို့ကို ပြုလုပ်နေကြသည်။ လွန်ခဲ့သည့်နှစ်များက ရက်စက် ကြမ်းကြုတ်သော ကျားဖောင်များပေါ်သို့ပို့ဆောင်ကာ ကျေးကျွန်အဖြစ် ရောင်းစားခဲ့ကြသည်ကိုတွေ့ ရသည်။ ယခင်က နာဂစ်မုန်တိုင်းဘေးဒဏ်ကြောင့် လူကုန်ကူးမှုများပေါ်ပေါက်ခဲ့ပြီး ယခုအခါကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အကြောင်း ပြု၍ လူကုန်ကူးမှုများ ပေါ်ပေါက်လာသည်ကိုတွေ့ရသည်။ ပြည်တွင်း၌ ကလေး လုပ်သားများအဖြစ် ရောင်းစားခြင်းတွင် လူကုန်ကူးမှုပုံစံဖြစ်လာသည်ကိုလည်း တွေ့ရသည်။ “လူကုန်ကူးခံရခြင်းသည် ကိုယ်ရောစိတ်ပါ ဆင်းရဲခြင်းအတိဖြစ်စေသည့် လောကငရဲခံရသကဲ့သို့ဖြစ်စေသည့်အပြင် လူ့ဘဝများပျက်စီး ဆုံးရှုံး ကာ အသက် ခန္ဓာကိုယ်ကိုပါထိခိုက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ ထို့ကြောင့် လူကုန် ကူးခံရခြင်း မရှိအောင် ဝိုင်းဝန်းကာကွယ်ပေးကြရမည်ဖြစ်သည်။ လူမှုဘဝအခက် အခဲများမှာ ရှိနေမည်ဖြစ်၍ အခက်အခဲများကြားမှ အားနည်းသောပြည်သူများအား လူကုန်ကူးမှုအသိအမြင်ဗဟုသုတများကို မျှဝေပေးကြ ရမည်ဖြစ်သည်။ ပြည်သူများ အနေဖြင့် လူကုန်ကူးသူ လူပွဲစားများဟု မသင်္ကာသူများ ရပ်ရွာအတွင်းသို့ ရောက်ရှိ လာပြီး လုပ်ခလစာဖြင့် မက်လုံးပေးစည်းရုံးခြင်းများတွေ့ရှိရပါက ရပ်ရွာအခြေပြု လူကုန်ကူးမှုစောင့်ကြည့်ရေး အဖွဲ့များ၊ ရဲစခန်းများ၊ လူကုန်ကူးမှုသတင်းလက်ခံ ရာဌာနများ၊ လူမှုအဖွဲ့အစည်းများထံ သတင်းပေးခြင်းတို့ကို ပြုလုပ်ပေးကြရမည်ဖြစ်သည်။
အခက်အခဲအကျပ်အတည်းရှိနေသော ပြည်သူများအနေဖြင့် မိမိဘဝအတွက် ထွက်ပေါက်ကိုရှာဖွေနေကြရာ ယင်းဟာကွက်ကို လူကုန်ကူးသည့်မုဆိုးများက သားကောင်ပစ်မှတ်များကို ရွေးချယ်ရှာဖွေနေကြသည်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေးကို ပြုလုပ်နေကြသော်လည်း လစ်ဟာမှုများကြားမှ လူကုန်ကူး ခံနေရသည့် သားကောင်များစွာရှိနေသည်။ သို့ဖြစ်ရာလူသားချင်းစာနာထောက်ထား သောအားဖြင့် လူကုန်ကူးခံရမည့် ဘေးဒုက္ခအန္တရာယ်များမှ ကင်းဝေးရအောင်ရပ်ရွာ လူထုအခြေပြု၍ အသိပညာပေးလုပ် ငန်းများကို ဆောင်ရွက်ရေးနှင့် လူကုန်ကူး မှုဖြစ်စဉ်များအား ဝိုင်းဝန်းဖော်ထုတ်ရေးတို့ကို အသိတရားဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။