Skip to main content

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

 

နေပြည်တော် စက်တင်ဘာ ၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်ပြီး တာဝန်ခံကျောင်းအုပ်၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများ ပြန်လည်ဖွင့်လှစ် သည့်အခါအေးချမ်းစွာ ပညာသင်ကြား သင်ယူနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားမှု များကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။  

           

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ လက်တွေ့ခန်းသုံး ပစ္စည်းများကို စနစ်တကျ အကျိုးရှိ ထိရောက်စွာ အသုံးပြုရန် လိုပါကြောင်း၊ အသုံးပြုမှုကြောင့် ပျက်စီးမှုများကို ပြန်လည်ဖြည့်ဆည်းပေးသွား မည်ဖြစ်ပါ ကြောင်း၊ ဆရာဆရာမများအနေဖြင့် ရုံးပိတ်ရက်ရှည်ခံစားနေသည့်ကာလအတွင်း မိမိ သင်ကြားရသည့် ဘာသာရပ်များအလိုက် သင်ရိုးညွှန်းတမ်းနှင့်သက်ဆိုင်သော ဘာသာရပ်များကို အရည်အသွေးမြှင့်တင်ရန် စဉ်ဆက်မပြတ် လေ့လာနေရန် လိုပါကြောင်းမှာ ကြားသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သိပ္ပံလက်တွေ့ခန်းသုံး ပစ္စည်းများ ဖြည့်ဆည်းပေး နိုင်ရေး၊ ကွန်ပျူတာများဖြည့်ဆည်းပေးရေး၊ စာကြည့်တိုက်သုံး စာအုပ်၊ပရိဘောဂများ ဖြည့်ဆည်းပေး ရေးနှင့် ကျောင်းရှိမြေနှင့်ကိုက်ညီသည့် အားကစားရုံ၊ အားကစားကွင်း ၊ဘောလုံးကွင်း၊ ပြေးလမ်း ပတ်လမ်းများနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတာဝန်ရှိသူများကို မှာကြားသည်၊၊

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ပြည်စံအောင် အခြေခံပညာ အထက် တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းများသို့ သွားရောက်၍ ကျောင်းဆောင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး၍ ကျောင်းဉပဓိရုပ် ကောင်းမွန်ရေး၊ သင်ကြားရေးနှင့်စီမံခန့်ခွဲဆိုင်ရာများ ပိုမိုကောင်းမွန်ရေး တို့ကို လမ်းညွှန် မှာကြားကာ လိုအပ်ချက်များဖြည့်ဆည်းပေး နိုင်ရေးပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သတင်းရ ရှိသည်။

 

(သတင်းစဉ်)