Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော် စက်တင်ဘာ ၆

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ အမှတ်(၁) စက်မှု သင်တန်းကျောင်း(ဆင်တဲ)  (Industrial Training Centre -ITC) သို့ရောက်ရှိပြီး  ပုံမှန် သင်တန်းများ ပြန်လည်ဖွင့်လှစ်လျှင် အဆင်သင့်ဖြစ်နေအောင် ကြိုတင်ပြင်ဆင်ထားရန်၊ သင်တန်းကျောင်းရှိ သင်ထောက်ကူပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အစဉ်အမြဲ စစ်ဆေး၍ ပြုပြင်ထိန်းသိမ်းထားရန်၊ သင်တန်းသားများအား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု ရှိစေရေးအတွက် နည်းပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် နှလုံးရည် (Knowledge, Skill, Attitude) အားလုံး ပြည့်ဝအောင်လေ့ကျင့်သင်ကြားပေးရန်၊  သင်တန်းများအား “လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်မှု အခြေပြုပညာရေးနှင့် လေ့ကျင့်ရေးစနစ်” Competency based education and Training စနစ်ဖြင့် သင်ကြားပို့ချရန် မှာကြားကာ သင်တန်းကျောင်း အတွင်းရှိ သင်ထောက်ကူပစ္စည်းအသုံးပြု သင်ကြားရေးဓာတ်ခွဲခန်းများ၊ အလုပ်ရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းတစ်ခုချင်းအလိုက် မိမိသင်တန်း မိမိပြန်လည် ဆန်းစစ်သည့်အစီရင်ခံစာ (Self Assessment Report) ပြုစုတင်ပြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁၆)အကြီးစားစက်ရုံ (ဆင်တဲ)သို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား နိုင်ငံပိုင် စက်ရုံ/ အလုပ်ရုံများကို အကျိုးရှိအောင် ပြန်လည် လည်ပတ်နိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမှတ်(၁၆)အကြီးစားစက်ရုံ (ဆင်တဲ)သည် အစဉ်အလာ ကြီးမားသည့် စက်ရုံကြီးဖြစ်သည့်အလျောက် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ပေးအပ်လာသည့် တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကျေပွန်အောင် ထမ်းဆောင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၄ ရက်တွင် အမှတ်(၂၃)အကြီးစား စက်ရုံ(ညောင်ခြေထောက်)သို့ ရောက်ရှိ၍ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများအား နိုင်ငံတော် အတွက် အကျိုးရှိအောင် လည်ပတ်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားပြီး  စက်ရုံများအား လှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ရှိ အမှတ်(၁၇) အကြီးစားစက်ရုံ(မလွန်)သို့ ရောက်ရှိပြီး စက်ရုံရှိ ကုန်ကြမ်း၊ ကုန်ချော စက်ပစ္စည်းစသည့် ပုံသေပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ပြုပြင်ထိန်းသိမ်းထားရန် နှင့် စာရင်းဇယားများ စနစ်တကျပြုစုထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ရှိ ဆပ်ပြာစက်ရုံသို့ ရောက်ရှိရာ ရွှေဝါဆပ်ပြာများ ထုတ်လုပ်မှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ် သာဂရစက်မှု နယ်မြေရှိ အမှတ်(၂၆)အကြီးစားစက်ရုံသို့ ရောက်ရှိပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်သည့် Turbine စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများ၊ မြို့နယ်များအတွက် လိုအပ်သော Turbine များ ထုတ်လုပ်နိုင်ရေး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

 

(သတင်းစဉ်)