ရန်ကုန် သြဂုတ် ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလင်ပိဋကတ် တိုက်နှင့် ရုပ်ရှင်စတူဒီယိုတို့သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
စနစ်တကျထိန်းသိမ်းထားရှိ
ရှေးဦးစွာ ဖလင်ပိဋကတ်တိုက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအေးကြွယ်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မော်ကွန်းမှတ်တမ်း ဖလင်များသည် မြန်မာ့ရုပ်ရှင်အတွက် အသက်ဝိညာဉ်ဖြစ်သည်သာမက မြန်မာလူမျိုးတို့၏ သမိုင်းယဉ်ကျေးမှု အနုပညာပုံရိပ်များ လည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် နှစ်ပေါင်းထောင်ချီ ကာလကပင် ဘာသာ၊ စာပေ၊ သဘင်၊ ဂီတ ထွန်းကားခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ရုပ်ရှင် ဖလင်များသည် မြန်မာ နိုင်ငံ၏ သမိုင်းဖြစ်စဉ်ဖြစ်ရပ်များ၊ ယဉ်ကျေးမှုပုံရိပ်များကို ထုတ်ဖော်ပြသနိုင်သည့် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များဖြစ်သည့်အတွက် စနစ်တကျ ထိန်းသိမ်းထားရှိ ရမည်ဖြစ်ကြောင်း။ ။
ရုပ်ရှင်ပိဋကတ်တိုက်ရှိ ရှေးဟောင်းရုပ်ရှင်ဇာတ်ကားများကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် စနစ်တကျ ထိန်းသိမ်းထားနိုင်ရေး ကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရန်နှင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသော ဖလင်ထိန်းသိမ်းသည့် နည်းပညာရပ်များကို လေ့လာဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့ရုပ်ရှင်သည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည်ဖြစ်၍ အချို့သော ရုပ်ရှင်ဇာတ်ကားကြီးများကို ယူနက်စကိုအဖွဲ့က ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ဇာတ်ကားအဖြစ် သတ်မှတ်ပေးထားပြီး ဖြစ်သည့်အတွက် မြန်မာလူမျိုးတိုင်း ဂုဏ်ယူဝမ်းမြောက်စရာပင်ဖြစ်ကြောင်း။
ဆွေးနွေးမှာကြား
နိုင်ငံတော်ဝန်ကြီးချုပ်က ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် ရုပ်ရှင်ဖလင်များ ထိန်းသိမ်းသည့် လုပ်ငန်းကို တစ်ဖက်က ဆောင်ရွက်ရမှာဖြစ်သလို အခြားတစ်ဖက်မှလည်း ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ ပြသခြင်းလုပ်ငန်းများကို တိုးတက်ဖွံ့ဖြိုးအောင် ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရုပ်ရှင်အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး ထိတွေ့ ဆွေးနွေးကာ ၎င်းတို့၏လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ ယခုရုပ်ရှင်ပိဋကတ်တိုက်တွင် ရုပ်ရှင်ဇာတ်ကား များနှင့် မှတ်တမ်းသတင်းကားများ စုစုပေါင်း ဇာတ်ကား ၃၀၀၀ ကျော်ရှိသော်လည်း ဒစ်ဂျစ်တယ်စနစ်ဖြင့် စနစ်တကျထိန်းသိမ်းထားသည့် အရေအတွက်မှာ လွန်စွာနည်းပါးနေသေး သည့်အတွက် သက်ဆိုင်ရာပညာရှင်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ စတူဒီယိုများနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာများကို ကြည့်ရှုစစ်ဆေးသည်။
ဆောင်ရွက်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်ဖလင် ပိဋကတ်တိုက်ကို ၁၉၈၁ ခုနှစ် ဇွန် ၂၂ ရက်တွင် စတင်ဖွင့်လှစ်၍ သတင်းမှတ်တမ်းများနှင့် အကယ်ဒမီရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၃၀၀၀ ကျော်၏ ဖလင်များကို စနစ်တကျထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အနက် မြဂနိုင်၊ ပျို့ချစ်လင်၊ ဂျပန့်ရင်သွေး၊ ငဘ၊ ဘယ်သူပြိုင်လို့လှပါတော့နိုင် ရုပ်ရှင်ဇာတ်ကားများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထိန်းသိမ်း ထားရှိသည်။ မြဂနိုင်ဇာတ်ကားကို ယူနစ်စကိုအဖွဲ့၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အမွေအနှစ်အဖြစ် ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ထားကြောင်းနှင့် ယခုအခါ အမျိုးသားဖလင် မော်ကွန်းတိုက်ကြီးတစ်ခု တည်ဆောက်၍ ရုပ်ရှင်ဖလင်များ စနစ်တကျ ထိန်းသိမ်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်အချို့အား တွေ့ဆုံ၍ လက်ရှိကြုံတွေ့နေရသည့် အခြေအနေ များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
ကူညီဆောင်ရွက်ပေးမည်
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးများက ရုပ်ရှင်လောကသားများအား | ကိုဗစ်ကာကွယ်ဆေးထိုးရန်ကိစ္စများ၊ တွေ့ကြုံနေရသည့် စားဝတ်နေရေးအခက်အခဲများနှင့် ရုပ်ရှင်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အနုပညာလောက ပြန်လည်ရှင်သန်ရေးကိစ္စများ၊ ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းနှင့် အနုပညာရှင်များ၏ စားဝတ်နေရေး ပြေလည်စေရေးကိစ္စများအား ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားပြီးဖြစ်သဖြင့် မိမိတို့အနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
သတင်းစဉ်