ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသောကာလတွင် ပြည်သူများကြား၌ အိမ်သုံး ဆေးဝါး လိုအပ်ချက်များ မြင့်မားလာသည်ကို တွေ့ရသည်။ အခြေခံအိမ်သုံး ဆေးဝါးများနှင့် ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲရသောဆေးဝါးများ ဝယ်ယူရာတွင် လူသုံးများ ရှားပါးသည့် နာမည်ကြီးဆေးဝါးများကို ဝယ်ယူရန် မလွယ်ကူဘဲ ဈေးနှုန်း အဆမတန်ကြီးမြင့်ပြီး ခက်ခက်ခဲခဲ ဝယ်ယူသုံးစွဲနေရသည်။ ဆေးဝါးပစ္စည်း သာမက အခြားကုန်ပစ္စည်းများတွင်ပါ ရှားပါးနေသော အခါ၌ ဈေးအဆမတန် တက်နေသည်မှာ အစဉ်အလာလိုဖြစ်နေသည်။ ။
ပြည်သူများအနေဖြင့် ဈေးနှုန်းတက်သည်ကို ရမယ်မရှာဘဲ မိမိတို့ကျန်းမာရေးအတွက် ဆေးရရှိရေးသာ အာရုံစိုက်ကြသည်။ ပြည်သူများအနေဖြင့် အိမ်သုံးဆေးဝါး ပစ္စည်းများအား ဝယ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ ကျန်းမာရေးဗဟုသုတ အားနည်းခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေသည် ကိုအကြောင်းပြု၍ ယုံကြည်စိတ်ချရသော တရားဝင်ဆေးဆိုင်များ မဖွင့်လှစ်နိုင်ခြင်း အချက်များသည် အိမ်သုံးဆေးဝါးများ ဈေးနှုန်းကြီးမြင့် ခက်ခဲရှားပါးခြင်းနှင့် အတုအပများနှင့် ဆင်တူရိုးမှား ဆေးဝါးများ ပေါ်ပေါက်လာရခြင်းအကြောင်းရင်းဖြစ်သည်။ ဆေးဝါးနှင့်ပတ်သက်၍ အခက်အခဲ များနှင့် ဘေးဥပဒ်အန္တရာယ်များကို သတိပြုရမည်ဖြစ်သည်။
လူ့ဘောင်လောကတွင် ဘနဖူးသိုက်တူးလိုသည့် မသမာသူများ အစဉ်အမြဲ ရှိတတ်သည်။ ပြည်သူများအခက်အခဲဖြစ်နေချိန်၊ လိုအပ်ချက်မြင့်မားနေချိန်တွင် ပေါ်ပေါက်လာတတ်သည်။ အများပြည်သူစားသုံးလျှင် ဘေးဥပဒ်အန္တရာယ်ကျရောက်မည်ကို သိပါလျက်နှင့် ၎င်းတို့ ကိုယ်ကျိုးစီးပွား ချက်ချင်းဖြစ်ထွန်းရေးအတွက် အတုအပ အရောအစပ်ပစ္စည်းများကို ပြည်သူများကြားတွင် ဖြန့်ဝေပေးကြသည်။ လူတစ်ဦးတစ်ယောက်ကို ထိခိုက်ဆုံးရှုံးစေခြင်း ထက် ပြည်သူများစွာတို့အား ထိခိုက် ဆုံးရှုံးမှုဖြစ်စေခြင်းသည် လူသုံးကုန်များအား အတုအပပြုလုပ်ခြင်းဖြစ်သည်။ ပြည်သူ လူထုကြားတွင် ဆေးဝါးသာမက လူသုံးကုန်၊ စားသုံးကုန် အတုအပပစ္စည်းများ မကြာခဏပေါ်ပေါက်လေ့ရှိရာ သက်ဆိုင်ရာတို့က ရှာဖွေဖော်ထုတ် စစ်ဆေးအရေး ယူနေရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ဆေးဝါးထုတ်ကုန်အချို့နှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးထုတ်ပြန်ခဲ့သည်။ ကာကွယ်ဆေးအတုအပများကို အရှေ့တောင်အာရှ နိုင်ငံများ၊ အိန္ဒိယနှင့် အာဖရိကတိုက်ရှိနိုင်ငံများတွင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း အသိပေးခဲ့သည်။ မြန်မာနိုင်ငံသို့လည်း အသိပေးအကြောင်းကြားခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးအတုမှာ ကာကွယ်ဆေးပုလင်း တစ်လုံးလျှင် ၁၀ ကြိမ်စာ ထိုးနှံနိုင်သည့် ပုလင်းနှင့် ကာကွယ်ဆေးပုလင်း တစ်လုံးလျှင် လေးကြိမ်စာပါဝင်သောပုလင်းများကို နာမည်ရှိ အမှတ်တံဆိပ်ပြုလုပ်၍ ရောင်းချလျက်ရှိကြောင်း အသိပေးထားသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ကာကွယ်ဆေးအတုအပများကို အွန်လိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ အခြား နည်းလမ်းဖြင့်သော်လည်းကောင်း ရောင်းချခြင်းနှင့်ပတ်သက်၍ ပြည်သူသို့ အသိပေး အကြောင်းကြားထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးအတွက် တစ်ကမ္ဘာလုံးက ဦးစားပေးထိုးနှံနေသော ကာကွယ်ဆေး လိုအပ်မှုကို အကြောင်းပြု၍ မသမာသူဝိသမစီးပွားရေးသမားများက အတုအပပြုလုပ် လာကြသည်ကို တွေ့ရသည်။ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားလျက်ရှိရာ နိုင်ငံတော်အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ဝယ်ယူခြင်း၊ လှူဒါန်းမှုမှ ရရှိထားသော ကာကွယ်ဆေးများအား ဦးစားပေး အစီအစဉ်အရ ထိုးနှံပေးလျက်ရှိသည့်နည်းတူ ပုဂ္ဂလိကဆေးဝါးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာနှင့် အာရှဒေသတွင် ထိုးနှံဆောင်ရွက်နေသော အရည်အသွေးရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မိမိတို့အစီအစဉ်ဖြင့် တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်လိုပါက လိုက်နာရမည့်အချက်များကို အသိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ် ကင်းရှင်းကာ အကျိုးသက်ရောက်မှုရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန်၊ ဆေးဝါးများ စနစ်တကျ မှတ်ပုံတင်ထားရှိရန်တို့နှင့်ပတ်သက်၍ အမျိုးသားဆေးဝါးဥပဒေပါ လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုသိရှိစေရန် အချက်အလက် များကို ထုတ်ပြန်အသိပေးလျက်ရှိသည်။ အဓိကမှာ ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဗဟုသုတများ ရှိထားရန်လိုအပ်သည်။ သက်ဆိုင်ရာတို့က အသိပေးလျက်ရှိသော်လည်း မိမိတို့ ကျန်းမာရေးကိုသာရှေးရှုပြီး အလောတကြီးဖြင့် ဆေးဝါးပစ္စည်းအတုအပများကို အသုံးပြုမိမည် ဆိုပါက ဘေးဥပဒ်အန္တရာယ်ရှိလာနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ အထူးသဖြင့် ဝယ်ယူရောင်းချသူတို့အနေဖြင့် သတိထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဆေးဝါးအတုများနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အထူး သတိပြုရမည် ဖြစ်သည့်အပြင် ဆေးအရောင်းဆိုင်များ၊ ပုဂ္ဂလိကဆေးခန်းများ၊ ဆေးရုံကြီးများအနေဖြင့်လည်း ယခုပေါ်ပေါက်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေး အတုကိုသာမက ဆေးဝါးအတုများ၊ မစစ်မမှန်သောဆေးဝါးများအား ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ဝယ်ယူတင်သွင်းရောင်းချ အသုံးပြုကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေနှင့်အညီ ထိရောက် ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေး ထားပါကြောင်း။ ။