မြန်မာနိုင်ငံသည် ရေခံမြေခံ၊ သယံဇာတ၊ သဘာဝအရင်းအမြစ်များ ကြွယ်ဝသောနိုင်ငံဖြစ်သည်။ စက်မှုနှင့် နည်းပညာမထွန်းကားသော်လည်း စိုက်ပျိုးထုတ်ကုန်များ အလျှံပယ် ပေါများသည့် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ တစ်ချိန်သောအခါက မြန်မာနိုင်ငံ၏ စိုက်ပျိုးသီးနှံထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ ထိပ်တန်းမှ တင်ပို့နိုင်သော နိုင်ငံဖြစ်၍ နိုင်ငံခြားဝင်ငွေ များစွာရရှိခဲ့သည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များသည် ပြည်တွင်း စားနပ်ရိက္ခာ လုံလောက်ဖူလုံစွာရှိသဖြင့် အပိုအလျှံများကို ပြည်ပသို့တင်ပို့နိုင်ပြီး ပြည်တွင်း၌ လည်း ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် လူဆင်းရဲသော်လည်း အစားအသောက် မဆင်းရဲသောနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွား နိုင်ခဲ့သည်။ မည်သည့်နေအိမ်တွင်မဆို ရောက်လာကြသော ဧည့်သည်များအား အစားအသောက် စုံလင်အောင် ကြွေးမွေးနိုင်ရာ ဧည့်ဝတ်ကျေပွန်သဖြင့် အပြန်အလှန် ဝမ်းမြောက်ဝမ်းသာ ရှေးကဖြစ်ခဲ့သည်။
ယနေ့အချိန်အခါတွင် လူဦးရေများပြားလာမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ပယောဂ မျိုးစုံ ကြုံတွေ့ရ မှု၊ လူမှုစီးပွားဘဝနယ်ပယ်တို့တွင် အမျိုးမျိုးအဖုံဖုံ တိုးတက်ပြောင်းလဲလာမှု၊ ငွေကြေးဖောင်းပွမှု စသည့်လူမှုဘဝအထွေထွေ အခက်အခဲများကြောင့် စားရေး၊ သောက်ရေး၊ လူမှုစီးပွားအရေး အမျိုးမျိုးတွင် ယခင်ခေတ်ကာလများနှင့် မတူတော့သည်ကို ကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာများ အလျှံပယ်ပေါများပါသော်လည်း ပြည်ပကိုသာ မှီခိုအားထားနေရသည့် အဖြစ်မှာ မဖြစ်သင့်သောကိစ္စဖြစ်သည်။ ပြည်တွင်းမှ စားနပ်ရိက္ခာများဖြင့် လောက်ငဖူလုံစွာ သုံးစွဲပြီး မဖြစ်မနေလိုအပ်သည့် စားနပ်ရိက္ခာတို့ကိုသာ ပြည်ပမှတင်သွင်းခြင်းသည် ပြည်တွင်း စီးပွား၊ နိုင်ငံ့စီးပွားတိုးတက်ရေးကို အထောက်အကူဖြစ်စေသည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် အဓိကစားသုံးသောဆန်ကို ပြည်တွင်း၌ လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်သဖြင့် ပြည်တွင်းဆန်ကို အဓိကအားထား စားသုံးနေသကဲ့သို့ မြန်မာ လူမျိုးများ ဟင်းလျာချက်ပြုတ်ရာတွင် မပါမဖြစ်ဖြစ်သည့် စားသုံးဆီကိုလည်း ပြည်ပမှ မှာယူ တင်သွင်းခြင်းမပြုဘဲ ပြည်တွင်း၌ပင် လောက်ငဖူလုံအောင် စိုက်ပျိုးထုတ်လုပ်၍ စားသုံးသင့်ကြပေသည်။ ယခုအခါတွင် ပြည်ပမှ စားအုန်းဆီအပါအဝင် စားသုံးဆီတင်သွင်းမှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်နိုင်မှုကို မျက်ကွယ်ပြု၍ လိုအပ်သည်ထက် ပိုမိုတင်သွင်းနေရမှုများမှာ မဖြစ်သင့်သော အခြေအနေဖြစ်သည်။ ပြည်ပမှ မှာယူတင်သွင်း စားသုံးနေသော ကွက်လပ်ကို ပြည်တွင်း၌ မဖြစ်မနေ စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ဖောက်ကား၍ ဖြည့်ဆည်းပေးခြင်းအားဖြင့် ပြည်တွင်းငွေသည် ပြည်တွင်းမှာသာ လည်ပတ်ပြီး နိုင်ငံအတွက် အဆင်ပြေချောမွေ့မည်ဖြစ်သည်။
လတ်တလောတွင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အဆီဖုံး၊ အဝလွန်ရောဂါများ စသည့် နာတာရှည် ရောဂါများပြောနေပြီး ဆီကိုလိုသည်ထက် ပိုမိုစားသုံးခြင်းသည် အကြောင်းအချက်တစ်ခု ဖြစ်နေသည်။ ပြည်သူတစ်ဦးချင်းအနေဖြင့် ဆီစားသုံးမှုကို လျှော့ချစားသုံးခြင်း၊ ရိုးရာထုံးတမ်း စဉ်လာအရ မြန်မာလူမျိုးများသည် ဆီပြန်၊ ဆီဆမ်း၊ ဆီရွှဲရွှဲစားသုံးရသည်ကို ကြိုက်နှစ်သက်သည့် အလေ့အထများသည် ယခုအချိန်အခါတွင် သင့်တင့်ရုံသာ စားသုံးသင့်ကြပေသည်။ ပြည့်ဝဆီ၊ ပြန်ကြော်ဆီ များကို စားသုံးကြသဖြင့် အသက်အရွယ်ကြီးသူများ၊ အထိုင်များသူများ သာမက လူငယ်လူရွယ်များပါ ဆီစားသုံးမှုများပြားလာ၍ အဝလွန်၊ အဆီဖုံးသည့် ရောဂါမျိုးစုံ ရရှိနိုင်သည်ဖြစ်ရာ ဆီစားသုံးမှုကို လျှော့ချသင့်သည်။ မြန်မာလူမျိုး တိုင်းရင်းသား မျိုးနွယ်များဖြစ်သည့် ရှမ်း၊ ဓနု၊ ပလောင်၊ ရခိုင် စသည့်တိုင်းရင်းသား များသည် အစားအစာများတွင် ဆီအသုံးနည်းကြသဖြင့် အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ကြသည်ကို တွေ့ရသည်။
မျက်မှောက်ကာလ မြန်မာလူမျိုးများသည် အဆိုပါအဓိကကျသည့် စားသုံးဆီကိုသာမက ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့်၊ ထုတ်လုပ်ခဲ့သည့် စားသောက်ကုန်၊ လူသုံးကုန်များကို ပစ်ပယ်ပြီး ပြည်ပမှ စားသောက်ကုန်၊ လူသုံးကုန်မျိုးစုံတို့ကို မှီခိုအားထား အသုံးပြုနေကြသည် ကို မြင်တွေ့နေရသည်ဖြစ်ရာ ပြည်ပမှ မှာယူရသည့် နိုင်ငံခြားသုံးငွေ ပိုမိုကုန်ကျရပြီး ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားကုန်ထုတ်လုပ်ငန်းများသာမက ရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းများပါ ထိခိုက်နစ်န၁သည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ပထုတ်ကုန်များ သည် အရည်အသွေးကောင်းသည်ဆိုသည်ထက် ထုတ်လုပ်ထုပ်ပိုးမှု ကောင်းမွန်အမြင်တင့်၍ စားသုံးသူများ နှစ်သက်ကြသည်ဟု ဆိုနိုင်သည်။ အမှန်တကယ်တွင် ပြည်တွင်း ထုတ်ကုန်များမှာ အာဟာရအာနိသင်ပိုမိုပြည့်ဝပြီး ထုတ်လုပ်မှု အဆင့်မြှင့်တင် ဆောင်ရွက်မည်ဆိုလျှင် ထုတ်ကုန်မြင့်မား လာမည်ဖြစ်သည်။
သို့ဖြစ်ရာ စားသောက်ကုန်ပိုင်းနှင့်ပတ်သက်၍ ပြည်တွင်းစားသုံးကုန်များကို ပြည်တွင်းမှာပင် အဆင့်မြှင့်တင်ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ ပြန်လည်တိုးတက်ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်စီးပွားများ အဆင်ပြေ၍ နိုင်ငံခြားငွေယိုပေါက်ပိတ်ကာ တိုင်းပြည်စီးပွားလည်း တိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းစားသုံးကုန်များကို အရည်အသွေးမြှင့်ကာ ပြည်တွင်းဖြစ်ကို အားပေးကြရန် တိုက်တွန်းအပ် ပါကြောင်း။ ။